ကော့သောင်းတွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
DVB
·
September 14, 2017
ကော့သောင်းမြို့မှာ စက်တင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းက ကော့သောင်းမူးယစ်တပ်ဖွဲ့စု ၃၄ တပ်ဖွဲ့ဝင်တွေက WY မူးယစ်ဆေးဝါးအပြား ၆၀၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ ကော့သောင်းမြို့မရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။
ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် ဗိုလ်ချုပ်လမ်း ၃ မိုင် နတ်စင်အနီးမှာ နေသူ ရွှေဇင်အောင်(ခ)ကိုဇင် (၄၅-နှစ်)၊ အောင်ဇေယျလမ်း အေးရိပ်ငြိမ်ရပ်ကွက် နေသူ အောင်ကိုကိုထိုက် (ခ) ထိုက်ထိုက် (၃၂-နှစ်)၊ လေယာဉ်ကွင်းအနီး ရွှေပြည်စိုးကျေးရွာနေသူတို့ နှစ်ဦးဟာ မူးယစ်ဆေးဝါး အရောင်းအဝယ် ပြုလုပ်နေကြောင်း သတင်းအရ သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့ပါတယ်။
ထိုက်ထိုက်က ဝတ်ဆင်ထားတဲ့ အနက်ရောင် ဂျင်းဘောင်းဘီခါးကြားက အထုပ်တထုပ်ကို မြက်တောထဲကို ပစ်ချလိုက်ပါတယ်။ ပစ်ချလိုက်တဲ့ နေရာကို သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့ရာ သားရေကွင်းနဲ့ ပတ်ထားတဲ့ အပြာရောင်ကပ်ခွာအိပ် ၃ ခုထဲမှာ WY စာတန်းပါ စိတ်ကြွဆေးပြား ၆၀၀ ပြား စစ်ဆေးတွေ့ရှိပါတယ်။
ဆက်လက်မေးမြန်းခဲ့ရာ စိတ်ကြွဆေးပြားတွေကို ရွှေဇင်အောင်က ပေးအပ်ထားကြောင်းနဲ့ ရွှေပြည်သာရပ်ကွက်နေ တာတီးဆီက ဝယ်ယူရရှိခဲ့တယ်လို့ သိရှိရပါတယ်။ တာတီး နေအိမ်ကို ဆက်လက်သွားရောက်ရှာဖွေခဲ့ရာ တာတီး ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် မဖမ်းဆီးမိဘူးလို့ သိရပါတယ်။
မူးယစ်ဆေးဝါးတွေကို ရောင်းချပေးသူ၊ လက်ဝယ်တွေ့ရှိသူ အောင်ကိုကိုထိုက်၊ ရွှေဇင်အောင်နဲ့ တာတီးတို့ကို ကော့သောင်းရဲစခန်း (ပ)၇၅/၂၀၁၇ မယပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူဆောင်ရွက်ထားတယ်လို့ ကော့သောင်းမြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်အေးကြိုင်က ပြောပါတယ်။
သတင်း - လတ်ကိုကိုဦး