ရွှေတုံးအတု ၈၀ ကျော် လိမ်လည်ရောင်းချသူ ၅ ဦးကို အမှုဖွင့်
DVB
·
September 8, 2017
မိတ္ထီလာမြို့တွင် ရွှေတုံးအစစ်ပြပြီး အတုနဲ့ လဲလှယ်ရောင်းချသွားတဲ့ တရုတ်အမျိုးသား ၄ ဦး နဲ့ တရုတ်အမျိုးသမီး ၁ ဦးကို စက်တင်ဘာလ ၇ ရက်က အမှုဖွင့်ထားတယ်လို့ ရဲက ပြောပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ သြဂုတ်လက နေအိမ်မှာရှိနေစဉ် ခင်ပွန်းဖြစ်သူ ဦးစံအေးနဲ့ ဆွေမျိုး တော်စပ်လို့ အလည်လာလိုကြောင်း ဖုန်းဆက်ပြီး တရုတ်အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး အိမ်ရာက်လာပြီး သတ္တုတွင်းတခုမှာ အလုပ်လုပ်လို့ ရွှေတုံးတွေရနေကြောင်း ပြောပြီး အသင့်ပါလာတဲ့ ရွှေတုံးတတုံးကို ပြသပြီး သွားစစ်ဆေးကြည့်တော့ ၄ သိန်း လောက် တန်ပြီး ရွှေအစစ်ဆိုတာ သိရတယ်လို့ ဆိုပါတယ်။
နောက်တနေ့မှာ ဖုန်းဆက်ပြီး စစ်ဆေးပြီးရင် သူ့မှာ အလေးချိန် ၂ ကျပ်သား လောက်ရှိတဲ့ ရွှေတုံး ၈၀ လောက်ရှိတယ်၊ ရွှေတတုံးကို ၂၁ သိန်းနဲ့ ရောင်းမယ်၊ ဝယ်မယ်ဆိုရင် စက်တင်ဘာ ၄ ရက်နေ့ မိတ္ထီလာကို လာခဲ့မယ်လို့ ဖုန်းဆက်ကြောင်း၊ မအေးစန်းနဲ့ ခင်ပွန်းဖြစ်သူတို့ တောင်ကြီးကနေ မိတ္ထီလာကို ရောက်လာပြီး ကျပ်သိန်း ၂၂၀ နဲ့ ဒေါ်လာ ၁ သိန်း ပေးချေပြီး ဝယ်လိုက်ကြောင်း၊ လာရောင်းတော့ အလည်လာတဲ့ တရုတ် အမျိုးသားနဲ့ အမျိုးသမီးမဟုတ်ဘဲ နောက်ထပ် တရုတ်အမျိုးသား ၃ ဦးဖြစ်ပြီး တောင်ကြီးရောက်တော့ ဝယ်လာတဲ့ ရွှေတွေကို စစ်ဆးကြည့်မှ အတုတွေမှန်း သိရလို့ အမှုလာဖွင့်တယ်လို့ မတ္ထီလာ မြို့မရဲစခန်းက ပြောပါတယ်။
ဒုရဲအုပ်အောင်သူဟိန်းက “အမည်နေရပ်မသိရတဲ့ တရုတ် အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို အမှုဖွင့်တာပါ၊ ဦးစံအေးနဲ့ ဇနီး ဒေါ်အေးစန်းက တရားလို လုပ်ပါတယ်၊ ဒီနေ့ပဲ အမှုလာဖွင့်တယ်၊ အမြန်ဆုံး ဖမ်းမိဖို့ လုပ်နေပါတယ်” လို့ ပြောပါတယ်။
မိတ္ထီလာမြို့မ ရဲစခန်းက လိမ်လည်မှု ရာဇသတ်ကြီးပုဒ်မ-၄၂၀ နဲ့ အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)