ဝမ်းတွင်းတွင် စိတ်ကြွဆေးပြား ကျပ် ၉ သိန်းကျော်ဖိုး ဖမ်းမိ
DVB
·
September 2, 2017
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ အမှတ်-၂ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ စက်တင်ဘာလ ၁ ရက် ညနေ ၄ နာရီခွဲက စိတ်ကြွဆေးပြား ကျပ် ၉ သိန်းကျော်ဖိုး ဖမ်းမိတယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသတင်းအရ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် တိုင်းမှုခင်း အကူရဲတပ်ဖွဲ့က ရဲအုပ်သန်းဝင်းနဲ့ ဝမ်းတွင်းမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သက်သေများစောင့်နေချိန်မှာ တင်မျိုးအေး(ခ) တိုးလေး မောင်းလာတဲ့ဆိုင်ကယ်ကိုတားပြီး ရှာဖွေရာ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၈၆ ပြား အလေးချိန် ၁၈ ဒသမ၆ ဂရမ်ကို ဖမ်းဆီးခဲ့တယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။
ဒုရဲအုပ်အောင်ကိုဝင်းက “တိုးလေးက ဝမ်းတွင်းမြို့ အမှတ် ၂ ရပ်ကွက်မှာ နေတယ်၊ ကာလတန်ဖိုး ၉ သိန်း ၃ သောင်း ဈေးသင့်တယ်၊ လွန်ခဲ့တဲ့ ၁ လလောက်က ကွတ်ခိုင်မြို့နယ်ဘက်က ဆေးပြား ၂၀၀ တထုပ်ကို တသိန်းနဲ့ ဝယ်ခဲ့တယ်လို့ ထွက်ဆိုတယ်၊ ကွင်းဆက်တရားခံကို အမြန်ဆုံး ဖမ်းမိနိုင်ရေး လုပ်နေပါတယ်” လို့ ပြောပါတယ်။
ဝမ်းတွင်းမြို့မရဲစခန်းမှာ တင်မျိုးဝင်း(ခ)တိုးလေးကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဥပဒေ သုံးစွဲမှု၊ လက်ဝယ်ထားမှု၊ ရောင်းချမှု၊ ဖြန့်ဖြူးမှု ပုဒ်မ-၁၅/၁၆(ဂ)/၁၉ (က)/၂၁ တို့အနဲ့ ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)