ကျိုင်းတုံတွင် တရားဝင်ထောက်ခံချက်မရှိသည့် ၀က်ခေါက်များအား မီးရှို့ဖျက်ဆီး
DVB
·
September 2, 2017
ကျိုင်းတုံမြို့မှာ တရားဝင်ထောက်ခံချက်မရှိတဲ့ တရုတ်နိုင်ငံထုတ် ၀က်ခေါက် ၆၆၄ ပိသာကို စက်တင်ဘာလ ၁ ရက်နေ့က မီးရှို့ဖျက်ဆီးးခဲ့ပါတယ်။
ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ဆီကို သတင်းပေးချက်အရ နေအိမ်တအိမ်ကို ၀င်ရောက်စစ်ဆေးရာမှ တရားဝင်ထောက်ခံချက်မရှိတဲ့ တရုတ်နိုင်ငံထုတ် ဝက်ခေါက် အလေးချိန် ၆၆၄ ဒသမ ၂၀ ပိဿာ တန်ဖိုးငွေကျပ် ၅၃ သိန်းကျော်ကို စစ်ဆေးတွေ့ရှိပြီး စားသုံးသူအကာ အကွယ်ပေးရေး ဥပဒေပုဒ်မ၁၉(င)နဲ့(စ)အရ သိမ်းဆည်းခဲ့ခြင်းဖြစ်တယ်လို့ ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမူ ဖြေရှင်းရေးအဖွဲ့က ပြောပါတယ်။
“ခုဖမ်းတာက တရားဝင်ထောက်ခံချက်မရှိတာတွေကို ဖမ်းဆီးတာပါ၊ တရားဝင်လိုင်စင်နဲ့ နိုင်ငံတော်ကို အခွန်ဆောင်ပြီး တင်သွင်းရောင်းချသူတွေလည်း ရှိပါတယ်” လို့ ကျိုင်းတုံခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းအဖွဲ့က အတွင်းရေးမှူး ဦးသန်းစိုးက ပြောပါတယ်။
ကျိုင်းတုံမြို့မှာ ၀က်ခေါက်ကို စားသုံးသူဈေးကွက် အခိုင်အမာရှိနေပြီး တရားဝင် ရောင်းချခွင့်ရရှိသူတွေက အခွန်အခရှိတာကြောင့် ဈေးအနည်းငယ်များပြီး ဈေးကွက်မှာ တရားမဝင် တင်သွင်းလာတာတွေက ဈေးလျှော့ရောင်းနေကြတာလို့ ပြောပါတယ်။
သားသား
ဓာတ်ပုံ-စားသုံးသူရေးရာဦးစီးဌာန