Homeမြန်မာသတင်း
လိပ်ကျွန်းလူသတ်မှုတွင် ဗြိတိန်ရဲဌာန ဥပဒေချိုးဖောက် စွက်ဖက်ခဲ့ဟု လန်ဒန်ဗဟိုတရားရုံး ပြော
လိပ်ကျွန်းလူသတ်မှုတွင် ဗြိတိန်ရဲဌာန ဥပဒေချိုးဖောက် စွက်ဖက်ခဲ့ဟု လန်ဒန်ဗဟိုတရားရုံး ပြော
DVB
·
August 30, 2017
ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်းခေါ် လိပ်ကျွန်း လူသတ်မှုနဲ့ သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးအမှုမှာ ဗြိတိန် အမျိုးသားရာဇဝတ်ပြစ်မှုဆိုင်ရာ အေဂျင်စီ (အန်စီအေ) က ဥပဒေချိုးဖောက်ပြီး ဝင်ရောက်စွက်ဖက်တာတွေ ပြုလုပ်ခဲ့တယ်လို့ လန်ဒန်မြို့ ဗဟိုတရားရုံးက ပြောလိုက်ပါတယ်။
ဒီအမှုမှာ ကိုင်တွယ်နေတဲ့ ထိုင်းရဲတွေရဲ့ သတင်းရယူ ထောက်လှမ်းမှုတွေမှာ ဗြိတိန်ရဲတွေက ဥပဒေချိုးဖောက်ပြီး စွက်ဖက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ၂ ဦးဟာ ကျွန်းပေါ်မှာ ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာလဆန်းက အဖမ်းခံရကာ ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်မှာ သေဒဏ်စီရင်ခံခဲ့ရပြီး လက်ရှိမှာတော့ နွန်ထပူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရပါတယ်။
ဗြိတိန်ရဲတွေဟာ ထိုင်းနိုင်ငံ စုံစမ်းစစ်ဆေးရေးဌာန ရဲတွေကို သေဆုံးသူ ဒေးဗစ်မီလာရဲ့ဖုန်း ဘယ်နေရာမှာရှိတယ်ဆိုတာကို သတင်းပေးခဲ့တဲ့အတွက် အဲဒီအချက်အလက်ကိုသုံးပြီး သေဆုံးသူစုံတွဲနဲ့ မြန်မာလူငယ် ၂ ဦး လိပ်ကျွန်းပေါ်မှာ အတူရှိနေတယ်ဆိုတာကို သက်သေပြနိုင်ဖို့ အကူအညီပေးခဲ့တယ်လို့ ပြောပါတယ်။
ဒီကိစ္စကို မြန်မာလူငယ် ၂ ဦးဘက်က လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေက တရားရုံးဆီ သတင်းပေးခဲ့တာလို့ ဆိုပါတယ်။
လိပ်ကျွန်းပေါ် ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုမှာ တရားလိုက ထိုင်းရဲတပ်ဖွဲ့ဖြစ်ပြီး မြန်မာလူငယ် ၂ ဦးကို သက်သေခိုင်လုံမှုမရှိဘဲ သေဒဏ်ချမှတ်ခဲ့တယ်ဆိုပြီး ဝေဖန်မှုတွေ မြင့်တက်နေတာပါ။
အန်စီအေဟာ အမေရိကန်နိုင်ငံရဲ့ အက်ဖ်ဘီအိုင်အဖွဲ့နဲ့ အဆင့်တူဖြစ်ပြီး ခုလို ဥပဒေချိုးဖောက် ပြုမူခဲ့တဲ့အပေါ် ဆွေးနွေးတွေ့ဆုံမှုတွေ ပြုလုပ်သွားမယ်လို့ ဒီကနေ့ ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဖြော်ပထားပါတယ်။