မုတ္တမတွင် လမ်းလျှောက်လာသည့် မိသားစုအား ကားဝင်တိုက်၊ ၁ ဦး သေ
DVB
·
August 26, 2017
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ ပုသိမ်ကွင်းရပ် ရန်ကုန်- မော်လမြိုင် ကားလမ်းတွင် သြဂုတ် ၂၅ ရက်နေ့ည ၇ နာရီခွဲလောက်က ကားလမ်းဘေး လမ်းလျှောက်လာတဲ့သူတွေကို ကားဝင်တိုက်လို့ ၁ ဦးသေဆုံးခဲ့တယ်လို့ မုတ္တမရဲစခန်းက ပြောပါတယ်။
ဖြစ်စဉ်မှာ မော်လမြိုင်ဘက်ကနေ ပေါင်မြို့နယ်ဘက်ကို ယာဉ်မောင်း စည်သူဝင်းဆွေ မောင်းနှင်လာတဲ့ ကားဟာ မျက်နှာချင်းဆိုင်ကလာတဲ့ ကားကို ရှောင်တိမ်းစဉ် ကားလမ်းဘေးအတိုင်း လမ်းလျှောက်လာတဲ့ မိသားစု ၄ ဦးကို ၀င်တိုက်မိခဲ့တာပါ။
မုတ္တမနယ်မြေရဲစခန်း ရဲအုပ်အောင်မင်းကြည်က “ကားသမားက နည်းနည်း သောက်ထားတယ်။ မျက်နှာချင်းဆိုင်ကလာတဲ့ ကားမီးရောင်ကြောင့် ကားချင်းတိုက်မိမှာ ကြောက်ပြီး လမ်းဘေးကိုရှောင်လိုက်တာ။ လမ်းလျှောက်လာတဲ့ မိသားစု ၄ ဦးကို တိုက်မိသွားတာ။ ၁ ဦးက သေတယ်၊ ၃ ဦးကလည်း ဒဏ်ရာတွေရသွားလို့ ဆေးကုသမှု ခံယူနေရတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် သန်းဇော်ဦးမှာ သေဆုံးသွားခဲ့ပြီး ကျော်ဇင်ဦးမှာ ခြေသလုံး ဖူးယောင်ပေါက်ပြဲ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ပြည်စုံမှာ နဖူးပေါက်ပြဲဒဏ်ရာနဲ့ မစိုးစိုးမော်မှာ နဖူးပေါက်ပြဲ၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာတွေ အသီးသီးရရှိခဲ့တာ ဖြစ်ပါတယ်။
မုတ္တမနယ်မြေရဲစခန်းက ယာဉ်မောင်းဖြစ်သူ စည်သူဝင်းဆွေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ -က/ ၃၃၈ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-ယူမင်းစိုး