ပုဒ်မ ၁၄၄ ထုတ်ပြန်မှုနှင့် သိမ်းဆည်းမြေယာကိစ္စ ဖြေရှင်းပေးရန် ပေါက်မြို့တွင် ဆန္ဒပြ
DVB
·
August 18, 2017
မကွေးတိုင်းဒေသကြီးပေါက်မြို့မှာ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၄) တ၀ိုက် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုနဲ့ သိမ်းဆည်းထားတဲ့ လယ်ယာမြေပြဿနာတွေ ဖြေရှင်းပေးဖို့ ဒေသခံ ၅၀၀ လောက် ဒီနေ့မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက မတရားသိမ်းဆည်းထားတဲ့ လယ်မြေတွေ ပြန်ပေးရေး၊ ကပစ ၂၄ က စက်ရုံတဝိုက် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်ထားမှုကိစ္စ ဖြေရှင်းပေးရေး၊ စက်ရုံစွန့်ပစ်ရေတွေ ချောင်းထဲမပစ်ရေး စတာတွေအပါဝင် အချက် ၁၀ ချက်ကို ဆိုင်းဘုတ်တွေကိုင်ဆောင် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ကပစ ၂၄ က စက်ရုံတဝိုက် ပုဒ်မ ၁၄၄ ထုတ်ပြန်တာကို ဒေသခံတွေအနေနဲ့ ပွင့်ပွင့်လင်းလင်းမသိခဲ့ရဘူးလို့ ဆန္ဒပြသူတွေကပြောပါတယ်။
ဒါ့အပြင် တောင်သူတွေအနေနဲ့ မြေတွေ သိမ်းဆည်းခံရမှုကြောင့် လုပ်ကိုင်စားသောက်ဖို့ မြေနေရာ မရှိတော့သလောက် နည်းခဲ့ရပြီး သစ်ခုတ်၊ ဝါခုတ်ခွင့်တွေပါ တားမြစ်းခံထားရတာကြောင့် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရတယ်လို့ ပြောပါတယ်။
ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) က ပေါက်မြို့နယ် မျှားပိုင်းကျေးရွာအုပ်စုမှာ မြေဧက ၃၇၀၀ ကျော်ကို စက်ရုံမြေအဖြစ် သိမ်းဆည်းခံထားရတယ်လို့ သိရပါတယ်။
သတင်းနှင့်ဓာတ်ပုံ - မြင့်နိုင်