ညောင်လေးပင်တွင် ၂ တန်းကျောင်းသူအား အဓမ္မပြုကျင့်ရန် ကြံစည်သူကို ဖမ်းဆီး
DVB
·
August 11, 2017
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာမှာ သြဂုတ်လ ၁၀ ရက် ည ၆ နာရီ ၃၀ လောက်က ၉ နှစ်အရွယ် ၂ တန်း ကျောင်းသူကို အဓမ္မပြုကျင့်ဖို့ ကြံစည်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့မစခန်းမှူးက ပြောပါတယ်။
ဖြစ်စဉ်မှာ မိခင်ဖြစ်သူက သမီးဖြစ်သူကို ဈေးဝယ်ခိုင်းရာ ပြန်မလာလို့ အဒေါ်ဖြစ်သူက လိုက်လံခေါ်ရာ တရွာတည်းနေ ဦးမြင့်အောင် နေအိမ်မှာ ကလေးမလေးကို တွေ့လို့ ခေါ်ဆောင်လာခဲ့ပြီး မျက်နှာမကြည်မသာဖြစ်နေလို့ မေးမြန်းခဲ့ရာ တရွာတည်းနေ မြင့်အောင် (၅၈) နှစ်က မုန့်ဝယ်ကျွေးမယ်လို့ ပြောပြီး နေအိမ်အရောက်မှာ ပါးစပ်ပိတ် ဘောင်းဘီချွတ်နေချိန် အဒေါ်ဖြစ်သူ လှမ်းခေါ်သံကြားလို့ ပြန်လွှတ်လိုက်တယ်လို့ မြို့မရဲစခန်းမှူးဆီက သိရပါတယ်။
ဒုရဲမှူးဇော်မိုးက “စခန်းကို ည ၁၀ နာရီ ခွဲလောက်မှာ ကလေးမိဘတွေလာပြီး အမှုဖွင့်ပါတယ်။ ကျနော်တို့လည်း ချက်ချင်းပဲ ဦးမြင့်အောင်ဆိုသူကို ရွာမှာသွားဖမ်းလိုက်ပါတယ်။ ပြုကျင့်မှုတော့ မမြောက်သွားဘူးပေါ့” လို့ ဒီဗွီဘီကိုပြောပါတယ်။
ညောင်လေးပင် မြို့မရဲစခန်းက အလိုမတူဘဲ အဓမ္မပြုကျင့်ဖို့ ကြံစည်သူ ဦးမြင့်အောင်ကို ရာဇသတ်ကြီးပုဒ်မ-၃၇၆ /၅၁၁ နဲ့ ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း၊ဓာတ်ပုံ-နေလင်းထိုက်