ကော့သောင်းမြို့ မလိဝမ်းကျေးရွာတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
DVB
·
August 9, 2017
ကော့သောင်းမြို့၊ မလိဝမ်းကျေးရွာမှာ သြဂုတ် ၈ ရက် မနက်ပိုင်းက မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ကော့သောင်းခရိုင် ရဲတပ်ဖွဲ့ရုံး မှုခင်းအကူတပ်ဖွဲ့မှ ရဲအုပ်အောင်ဇော်မင်းထွန်းက ပြောပါတယ်။
ကော့သောင်းမူးယစ်အထူးအဖွဲ့ မလိဝမ်းနယ်မြေ ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်တွေက ကော့သောင်းမြို့နယ် ထိန်လင်းအောင် (ခ) သားကြီးရဲ့ နေအိမ်ကို သတင်းအရ ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ရာ wy စိတ်ကြွဆေးပြား ၂၆၈ ပြား၊ ကာလတန်ဖိုး ၇၅၀,၀၀၀ ကျပ်နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။
ထိန်လင်းအောင် (ခ) သားကြီးကို စစ်ဆေးမေးမြန်းရာ အဲဒီဆေးပြားတွေကို ၂၂ မိုင်ကျေးရွာနေ အာကျယ်ဆိုသူဆီကတဆင့် ပြန်လည်ရောင်းချရန် ဝယ်ယူခဲ့တယ်လို့ သိရတဲ့အတွက် အာကျယ် နေအိမ်ကို သွားရောက်ရှာဖွေခဲ့ရာ အာကျယ်မှာ ထွက်ပြေးတိမ်းရှောင်သွားလို့ ဖမ်းဆီးရမိခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
ကော့သောင်းရဲစခန်းက ထိန်လင်းအောင်နဲ့ တဆင့် ပြန်လည်ရောင်းချပေးခဲ့သူ အာကျယ်တို့ကို မယပုဒ်မ-၁၅/၁၉(က)/၂၁ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဒု-စခန်းမှူး ရဲအုပ်အေးကြိုင်က ဒီဗွီဘီကို ပြောပါတယ်။
သတင်း - လတ်ကိုကိုဦး