Home
မြန်မာသတင်း
မြိတ်မြို့တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေလျှံ၍ မြေပြိုမှုဖြစ်ပွား
DVB
·
August 5, 2017
my6
my5
my4
my3
my1
my
တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၅ ရက်နေ့ က မြေနိမ့်ရပ်ကွက်တချို့ ရေလျှံပြီး မြေထိန်းနံရံပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။ မြိတ်မြို့ရှိ မြေနိမ့်ရပ်ကွက်တွေဖြစ်တဲ့ အလယ်ကျွန်းနယ်မြေ၊ မြိတ်တောင်နယ်မြေ၊ ကန်ဖျားနယ်မြေနဲ့ မြိတ်တောင်ကျေးရွာ အုပ်စုတွေမှာ ရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ “ဒီနေ့မနက်ပိုင်းရွာတဲ့မိုးက ဒီရေတက်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားတယ်၊ မိုးက အရမ်းရွာတဲ့အချိန် ဒီရေတက်ချိန်လည်းဖြစ်နေတော့ ပင်လယ်ထဲတိုက်ရိုက်စီးဆင်းနေတဲ့ ဘုရားကိုင်ချောင်းရေ အီပြီး မြေနိမ့်ရပ်ကွက်ကရေတွေ ချောင်းထဲ မစီးဆင်းနိုင်ပဲဖြစ်သွားတယ်၊ အခု မိုးတိတ်သွားပြီး နားရီပိုင်းအတွင်း ရေတွေပြန်ကျသွားပါပြီ” လို့ မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောပါတယ်။ မိုးသည်းထန်ပြီးရေလျှံမှုအပြင် မြေပြိုမှုများလည်းဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ မြိတ်မြို့ဈေးတန်းရပ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် နောက်ဘက်မြေထိန်းနံရံ ပြိုကျလို့ ရုံးအဆောက်အဦးနံရံ ပျက်စီးသွားတယ်လို့ သိရပါတယ်။ “မိုးကအရမ်းရွာတော့ မနက် ၆ နာရီလောက်က မြေထိန်းပြိုကျတယ်၊ အဲမှာ ရုံးနံရံကို လာပိပြီး နံရံပါပျက်စီးသွားတယ်၊ ကံကောင်းတယ်လို့ပြောရမယ် လူတွေထိုက်ခိုက်ဒဏ်ရာ မရှိခဲ့ဘူး၊ ဌာနဆိုင်ရာ အကြီးအကဲတွေလည်း လာကြည့်သွားပြီးပါပြီ” လို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ၀န်ထမ်းတဦးက ပြောပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ရပ်ကွက်တချို့ ရေးလွှမ်းခဲ့သော်လည်း နေ့လယ်ပိုင်းမှာ ရေပြန်လည်ကျသွားတယ်လို့ သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024