တာချီလိတ်တွင် လောင်းကစားဂိမ်းများနှင့် ဒိုင်တဦးကို ဖမ်းဆီး
DVB
·
August 5, 2017
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ထဲမှာ သြဂုတ် ၄ ရက်က ထိုင်းဘတ်ငွေ ထည့်သွင်းပြီး လောင်းကစားလုပ်တဲ့ ငါးမန်းဂိမ်းခုံအပါအ၀င် ဘောလုံးဂိမ်းခုံတွေနဲ့ လောင်းကစားဒိုင် ၁ ဦးကို ဖမ်းဆီးရမိပါတယ်။
“လောင်းကစား ပြုလုပ်နေတယ်လို့ သတင်းရလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပါဝင်တဲ့ အဖွဲ့နဲ့ မယ်ခေါင်း(၂)လမ်းထဲက အိမ်ကို ၀င်ရှာတဲ့အချိန်မှာ လောင်ကစားဂိမ်းတွေနဲ့ ကောင်တာမှာ ထိုင်နေတဲ့ ဒိုင်လုပ်တဲ့သူကို ဖမ်းဆီးခဲ့တာပါ” လို့ တာချီလိတ်မြို့မရဲစခန်းက တာဝန်ရှိသူက ပြောပါတယ်။
လောင်းကစားဂိမ်းခုံတွေနဲ့ လောင်းကစားပြုလုပ်တဲ့ ထိုင်းဘတ်ငွေ ၅၁၄၀ ဘတ်နဲ့အတူ အသက် ၃၄ နှစ်အရွယ် အောင်ကျော်ထွန်း(ခ)ထွန်းထွန်းကို တာချီလိတ်မြို့မရဲစခန်းက တရားစွဲဆိုနိုင်ဖို့ အမှုဖွင့်လှစ်ထားပြီး လောင်းကစားပြုလုပ်သူတွေကိုတော့ မတွေ့ရှိလို့ ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။
တာချီလိတ်မြို့ရဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတိုင်းမှာ ငါးမန်းလောင်းကစားခုံတွေ ရှိနေသလို မူးယစ်ဆေးဝါးလည်း အလွယ်တကူဝယ်ယူလို့ ရနေတာကြောင့် လူငယ်အတော်များများ ပျက်စီးနေကြလို့ ဂိမ်းခုံတွေကို ပိတ်သိမ်းစေချင်ကြောင်း ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။