လူ့အခွင့်အရေးကော်မရှင် ပိုလျှံငွေကျပ်သန်း ၂၂၀ ကျော် ပြန်အပ်နှံ
နေဖြိုးဝင်း
·
July 20, 2017
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပိုလျှံငွေကျပ်သန်း ၂၂၀ ကျော် ကို ပြန်လည် အပ်နှံခဲ့တယ်လို့ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ်တွေကို ဖြန့်ဝေထားတဲ့ ကော်မရှင်ရဲ့ ၂၀၁၆ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာ ပြင်ဆင်ချက်အရ သိရပါတယ်။
ကော်မရှင်ရဲ့ ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ စာရင်းစစ်ချုပ်ရုံး က ကျွမ်းကျင် သူတွေရဲ့ အကြံပြုချက်အတိုင်း ဥပဒေနဲ့အညီရေးဆွဲခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့တာပါ။
၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဧပြီလကနေ ဒီဇင်ဘာလထိ ၉ လအတွက် ခွင့်ပြုငွေဟာ ကျပ် ၆၈၂၉၂၁၀၀၀ ဖြစ်ပြီး ကျပ် ၄၆၂၁၄၅၁၇၆ ကိုပဲ သုံးစွဲခဲ့တဲ့အတွက် ပိုလျှံငွေကျပ် ၂၂၀၇၇၅၈၂၄ ကို ဘဏ္ဍာရေးနှစ်ကုန်တဲ့ ၂၀၁၇ ခုနှစ် ဧပြီမှာ ပြန်လည်အပ်နှံခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၁၆-၁၇ နှစ်အတွက် ထောက်ပံ့ရန်ပုံငွေတင်ပြတောင်းခံတာမှာလည်း ကော်မရှင်ရုံးဝန်ထမ်းတွေအတွက် ပင်စင်ထည့်ဝင်ငွေကို တစ်လ ၅ ဒသမ ၂ သိန်းနှုန်းနဲ့ စုစုပေါင်း ၆၂ ဒသမ ၄ သိန်းကိုလည်း ထည့်သွင်း တွက်ချက်တောင်းခံခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနက ထောက်ခံတင်ပြခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်းမှာလည်း နေပြည်တော်မှာ ကော်မရှင်ရုံးခွဲဖွင့်ဖို့ နေပြည်တော်စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုထားတဲ့ မြေကွက်ပေါ်မှာ ရုံးအဆောက်အဦနဲ့ ၀န်ထမ်းအိမ်ရာ အဆောက်အဦတွေ ဆောက် လုပ်ဖို့အတွက်လည်း ရန်ပုံငွေ ထည့်သွင်းတောင်းခံထားတယ်လို့ အစီရင်ခံစာပြင်ဆင်ချက်အရ သိရပါတယ်။