အိမ်ဝင်းထဲမှ နွားကို ခိုးယူသတ်ကာ အသားထုတ်ယူသွားသူကို အမှုဖွင့်
DVB
·
July 20, 2017
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရွာသင်္ချာအုပ်စု ကံသာအေးရွာ ရန်မန်းလမ်းဟောင်း ဘေးမှာ ဇူလိုင်လ ၁၉ ရက်နေ့က ဦးကျော်ငွေ အိမ်ဝန်းထဲရှိ နွားမကို ခိုးယူသတ်ပြီး အသားထုတ်ကာ ခေါင်းခွံကို လမ်းပေါ်ထားခဲ့တာ ရှာတွေ့တယ်လို့ ရွှေတောင်ရွာ ရဲစခန်းကပြောပါတယ်။
စခန်းမှူး ရဲအုပ်ကျော်နိုင်စိုးက "နွား ၂၂ ကောင် ထဲက နွားမတစ်ကောင် အခိုးခံရတယ်။ ဦးကျော်ငွေ အိမ်နဲ့ ကိုက် ၅၀၀ အကွာ လမ်းပေါ်မှာပဲ သတ်တယ်။ ဦးခေါင်းနဲ့ သားရေ ချန်ထားခဲ့တယ် အမဲသားတွေပဲ ယူသွားတယ်။ တရားခံ စုံစမ်းနေဆဲပါ"လို့ ပြောပါတယ်။
ရွှေတောင်ရွာရဲစခန်းမှာ အမှုအမှတ် (ပ) ၄၅/၂၀၁၇ နဲ့ နွားခိုမှု ရာဇသတ်ကြီးပုဒ်မ ၃၇၉(တ)နဲ့ အမှုဖွင့် စုံစမ်းနေပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)