ကျိုက်ထိုတွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၄ ဦးဒဏ်ရာရ
DVB
·
July 13, 2017
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဇူလိုင် ၁၃ ရက် မနက်ပိုင်းက ယာဉ်မောင်းဖြစ်သူ အိပ်ငိုက်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲက ပြောပါတယ်။
ကျိုက်ထိုမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမြင့်ဌေးက “ယာဉ်မောင်းက အိပ်ငိုက်လို့ ကားကလမ်းဘေးကျပြီး လမ်းဘေးက သစ်ပင်ကို ပွတ်တိုက်သွားတာနဲ့ လမ်းပေါ်ပြန်ရောက် အောင်ဝိုက်ရာကနေ မှောက်သွားတာ။ ကားကကုန်စိမ်းတွေတင်လာတာ။ ကားပေါ်ပါ ခရီးသည် ၄ ဦးဒဏ်ရာရတယ်။ ယာဉ်မောင်းကတော့ ထွက်ပြေးနေတယ်။ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေပါတယ်” လို့ပြောပါတယ်။
ပဲခူးကနေ ကျိုက်ထိုကို ယာဉ်မောင်း ဇင်သူမောင်းနှင်လာတဲ့ ဟိုင်းလတ်ယာဉ်ဟာ ကားလမ်းမိုင်တိုင်အမှတ် ၁၀၆/၁ နဲ့ ၁၀၆/၂ အကြားအရောက် ယာဉ်မောင်း အိပ်ငိုက်ပြီး ကားမှာ လမ်းဘေးထိုးကျကာ လမ်းဘေးရှိ သစ်ပင်အား ပွတ်တိုက်မိပြီး တိမ်းမှောက်သွားခဲ့တာလို့ ဆိုပါတယ်။
ကျိုက်ထိုမြို့မရဲစခန်းက ယာဉ်မောင်းဖြစ်သူ ဇင်သူ(စုံစမ်းဆဲ)ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၇၉/၃၃၇/၃၃၈ နဲ့ အမှုဖွင့် ထားတယ်လို့ သိရပါတယ်။
သတင်း-ယူမင်းစိုး