ကျိုက်ထိုတွင် ယာဉ် ၂ စီး တိုက်မိပြီး မီးလောင်မှုဖြစ်ပွား
DVB
·
July 12, 2017
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သံတံတားကျေးရွာ၊ ရန်ကုန် - မော်လမြိုင်ကားလမ်းတွင် ဇူလိုင်လ ၁၂ ရက်နေ့ မနက်စောပိုင်းက မော်တော်ယာဉ်နှစ်စီး တိုက်မိရာမှ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တယ်လို့ သထုံခရိုင်မီးသတ်က တာဝန်ရှိသူတဦးက ပြောပါတယ်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၂ ရက် မနက် ၄ နာရီခွဲလောက်က မော်လမြိုင်ဘက်ကနေ ယာဉ်မောင်း အောင်နိုင်ဝင်း မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဇော်ဝင်းထွန်းလိုက်လာပါလာတဲ့ ၁၂ ဘီးယာဉ်ဟာ ရုတ်တရက်ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ ကားလမ်းယာဘက်ကို ထိုးကျသွားပြီး လမ်းဘေးမှာရပ်ထားတဲ့ ယာဉ်မောင်းဦးတင်မြင့်ရဲ့ ၁၂ ဘီးယာဉ်ကို ဝင်ရောက်တိုက်မိရာမှ အောင်နိုင်ဝင်းမောင်းနှင်လာတဲ့ မော်တော်ယာဉ်မှာ ကားအရှေ့ခြမ်း စက်ပိုင်း အပူရှိန်လွန်ကဲပြီး မီးလောင်ခဲ့တာပါ။
သထုံခရိုင်မီးသတ်က တာဝန်ရှိသူတဦးက “GAS ဆလင်ဒါတွေအပြည့်တင်လာတဲ့ ကုန်တင်ယာဉ်မောင်းက ရုတ်တရက်အိပ်ငိုက်ပြီး ဒီဘက်လမ်းဘေးမှာရပ်ထားတဲ့ ၁၂ ဘီး ကားကို ဝင်တိုက်မိတာပါ။ အဲလိုတိုက်မိတော့ ဝင်တိုက်တဲ့ကားအရှေ့ဘက်ခြမ်းက စက်အပူရှိန်လွန်ကဲပြီး မီးထလောင်လို့ မီးသတ်ယာဉ် ၃ စီးနဲ့ ဝိုင်းပြီးငြှိမ်းသတ်တာပါ"လို့ပြောပါတယ်။
ယာဉ်မောင်းအောင်နိုင်ဝင်းမှာ ဒဏ်ရာများရရှိခဲ့ပြီး(စိုးရိမ်ရ)နှင့် ဇော်ဝင်းထွန်းမှာ ယာခြေဖဝါးပေါက်ပြဲ၊ ယာလက်ဖျံပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး ယာဉ်နှစ်စီးပိန်ချိုင့်ပျက်စီးခဲ့ကာ တန်ဖိုး ကျပ် ၃ သိန်းဖိုးလောက် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့မရဲစခန်းက အောင်နိုင်ဝင်းကို ယာဉ်မဆင်မခြင် မောင်းနှင်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၂၇၉/၃၃၇/၃၃၈/၂၈၅ နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း-ယူမင်းစိုး