Home
ရုပျသံ
ပြည်သူအတွက် အကျိုးမရှိဘူးဆိုရင် ရှေ့ဆုံးကဆန္ဒပြတဲ့အထဲမှာ ကျမပါမယ် - ဒေါ်နန်းခင်ထွေးမြင့်
အောင်သူ
·
July 7, 2017
Nan Khin Htwe Myint
မြန်မာနိုင်ငံမှာ လျှပ်စစ်ကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ထုတ်လုပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ရေအားလျှပ်စစ်ပေါ်မှာ မှီခိုနေရပြီး လျှပ်စစ်မီး မလုံလောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။ ဒီကိစ္စကို အစိုးရကနေ ဖြေရှင်းဆောင်ရွက်ဖို့ လုပ်ဆောင်နေရာမှာ ပြည်နယ်တချို့မှာလည်း လျှပ်စစ်မီးကဏ္ဍကို ဆောင်ရွက်ဖို့အတွက် တချို့ပြည်နယ်တွေမှာဆိုရင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ လုပ်ဆောင်နေပါတယ်။ ကရင်ပြည်နယ်မှာဆိုရင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ စီစဉ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ ကျောက်မီးသွေးနဲ့ပတ်သက်ပြီးတော့ ဆရာမတို့ ကရင်ပြည်နယ်မှာ ဆောင်ရွက်တော့မယ်လို့ သိရတယ်။ ဘယ်လိုပုံစံမျိုး ဆောင်ရွက်မှာလဲ။ “ဆောင်ရွက်ဖို့ အစီအစဉ် ဖြစ်လာတာလေး ကျမ ပြောချင်ပါတယ်။ အရင်တုန်းကဆိုရင် ကျမတို့ လျှပ်စစ်ဝန်ကြီးခန့်တဲ့ အချိန်ကတည်းက ပြောရမှာပဲ။ ကျမ ပညာရှင်တွေကို ခေါ်ပါတယ်။ ပညာရှင်တွေခေါ်တော့ လျှောက်လွှာကို ကျမ ကြည့်လိုက်တဲ့အခါ ရေအားလျှပ်စစ်ကျွမ်းကျင်တဲ့ လျှပ်စစ်ဝန်ကြီးကို ကျမ ဦးစားပေးခန့်ပါတယ်။ ကျမသိတာကတော့ ရေအားက ဈေးနှုန်း အသက်သာဆုံးပေါ့။ အဲဒီတော့ ကျမတို့က ရေအားကို အားသန်ပြီးတော့ ဝန်ကြီးခန့်ကတည်းကိုက ရေအားလျှပ်စစ်ကျွမ်းကျင်တဲ့ ဝန်ကြီးကို ကျမ ခန့်ထားပါတယ်။ ဒါပေမယ့် ကျမ ဝန်ကြီးချုပ် ဖြစ်လာတဲ့အခါကျတော့ လျှပ်စစ်မီးကို ကျမ ကြိုးစားဆောင်ရွက်တဲ့အခါကျတော့ တကယ် ကျမတို့လိုချင်တဲ့ဆန္ဒက အဆင်မပြေဘူး။ ရေအားနဲ့လည်း အဆင်မပြေဘူး။ ဆိုလာတို့၊ လေအားတို့ တခုမှ အဆင်မပြေဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမ တယောက်ပြီးတယောက် တွေ့ဆုံ ပြောဆိုလိုက်တော့ အကုန်လုံးက ပြန်သွားကြတယ်။ ဘာလို့လဲဆိုတော့ ကျမတို့ဒေသရဲ့ ရာသီဥတုနဲ့ ဒါတွေဟာ သိပ်ပြီးအဆင်မပြေဘူး ဖြစ်တယ်။ နောက်ဆုံးတော့ ကျမ ဘာစိတ်ပြောင်းသွားလဲဆိုတော့ ကျောက်မီးသွေးကို စိတ်ပြောင်းသွားတယ်။ ဘာလို့စိတ်ပြောင်းရလဲဆိုတော့ ကျမတို့ ကရင်ပြည်နယ် မြဝတီမှာဆိုရင် ကျောက်ခက်မှာ ကျောက်မီးသွေး ထွက်နေတယ်။ အဲဒါကို ကျမတို့ တိုင်းတာလိုက်တဲ့အခါကျတော့ မြန်မာပြည် သတ္တုတွင်းက စမ်းသပ်ပေးတာပေါ့နော်။ ကျောက်မီးသွေးက ကျမတို့က အပေါ်ယံလေးပဲ စမ်းတာတောင်မှ ပေါက်ကွဲအား တော်တော်ကောင်းတယ်ပေါ့နော်။ သူတို့ သတ္တုဌာနက ပြောတာတော့ ဒါက သုံးလို့ရတဲ့အဆင့်မှာ ရှိတယ်ပေါ့နော်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ TTCL ကလည်း လာပြီးတော့ တွေ့ဆုံရှင်းပြတဲ့အခါကျတော့ သူတို့ကို ကျမ အဲဒီကတည်းက ပြောတယ်။ ကျမတို့ဒေသက လူတွေ လက်ခံနိုင်တဲ့အခြေအနေ ရှိတယ်ဆိုရင် ကျမ ဒါကို စဉ်းစားပေးမယ်ဆိုပြီးပေါ့။ အဲဒီတော့ သူတို့နိုင်ငံမှာ လုပ်နေတဲ့ ကျောက်မီးသွေးတွေနဲ့ လည်နေတဲ့ဟာတွေကို အရင်လို ကျမတို့ သိထားသလိုမျိုးတွေ မဟုတ်တော့ဘူး။ ကျမတို့ အရင်တုန်းက သိထားသလိုမျိုးတွေ မဟုတ်တော့ဘူး။ ကျမတို့ အရင်တုန်းက သိတာဆိုရင် ကျောက်မီးသွေးက ကြောက်စရာကြီး။ ဒါ ကျမလည်း အပါအဝင်ပါပဲ။ ဒါပေမယ့် ကျမတို့သွားတဲ့ နိုင်ငံတိုင်း နိုင်ငံတိုင်း ဝန်ကြီးချုပ်မဖြစ်ခင်ကတည်းက ကျမတို့ပါတီက လွှတ်တော့ ဂျပန်လည်း သွားရတယ်၊ တရုတ်လည်း သွားရတယ်။ အင်ဒိုနီးရှားလည်း သွားရတယ်။ သွားတဲ့နိုင်ငံတိုင်းက သူတို့က မီးအား အရမ်းသုံးနိုင်တယ်။ အဓိက ကျမသိသလောက်ဆို တရုတ်တို့ ဘာတို့ဆို ကျောက်မီးသွေးပဲ အားကိုးပြီး သူတို့ လုပ်နေတာပေါ့။ မီးကတော့ ကျမတို့အတွက် အမှန်ဆိုရင် မရှိမဖြစ် လိုအပ်နေတာ။ ကျမတို့ပြည်နယ်ကတော့ မီးပဲ။ တကယ် ကျမတို့လုပ်ချင်တဲ့ လုပ်ငန်းတွေအားလုံးကလည်း မီးပဲ။ မီးရှိမှ ဖြစ်တယ်လေ။ တခါတခါကျရင် သူများတွေက ပြောတယ်။ နိုင်ငံတကာတွေ လှည့်ပြီးတော့ စီးပွားရေးစက်ရုံတွေဆောက်ဖို့ လုပ်ငန်းရှင်တွေကို လိုက်ပြီးခေါ်တယ်ပေါ့နော်။ မီးမရှိဘဲနဲ့ ဘယ်သူမှ မလာဘူးတဲ့။ အခုလည်း ဒီလိုပဲ ကျမတို့ စက်မှုဇုန်တွေ သွားပြတာပေါ့။ သူတို့က မီးကိစ္စမေးလိုက်ရင် တွန့်သွားကြတာချည်းပဲပေါ့လေ။ ကျမတို့လည်း လျှပ်စစ်မီး မလုံလောက်ဘူးဆိုတော့ အဲလိုတွေ ဖြစ်ကြတာပေါ့။ ကျောက်မီးသွေးနဲ့ ပြောတဲ့အခါကျတော့ ကျောက်မီးသွေးကလည်း စိတ်ပါဝင်စားမှုတခု ရှိတယ်။ စိတ်ဝင်စားမှု ရှိလာတဲ့အပြင် သူလိုချင်တဲ့နေရာကို ကျမက ပေးတာမဟုတ်ဘူး။ ကျမ လိုချင်တဲ့နေရာကို ကျမက ပေးတာ။ ကျမ ဖြစ်ချင်တာကို ကျမ ပြောတာ။ ကျမ ပြောထားတယ်။ သူတို့ ဒီလိုလုပ်ပေးတဲ့အတိုင်း၊ သူတို့ ဂျပန်ပြည်ကအတိုင်း လုပ်ပေးနိုင်လား။ လုပ်ပေးနိုင်တယ်၊ သူတို့ကလည်း တာဝန်ယူတယ်။ ကျမတို့က ဒီဟာကို စိတ်ဝင်စားတယ်ပေါ့နော်။” တချို့ပညာရှင်တွေက သုံးသပ်တယ်ပေါ့နော်။ ပြောဆိုခဲ့တယ်။ တခြားနိုင်ငံတွေမှာ၊ ခု ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကျောက်မီးသွေး မလုပ်ဘူးတဲ့နိုင်ငံဆိုတာ မရှိသလောက် နည်းပါးတယ်ဆိုတဲ့ အချက်အလက်တွေကို ကိုးကားကြတယ်။ ဒါပေမယ့် ကျောက်မီးသွေး လုပ်လိုက်ပြီဆိုရင် ဒေသမှာ ကျန်းမာရေးဆိုးကျိုးတွေ၊ ကျောက်မီးသွေးကြောင့် ဖြစ်လာမယ့် ဆိုးကျိုးတွေ အများကြီး ဖြစ်လာတယ်ပေါ့နော်။ ဒီကျောက်မီးသွေးကို မလုပ်သင့်ဘူးလို့ ပြောနေကြတဲ့ အသံတွေလည်း ကြားရတယ်ပေါ့။ ဒီပြည်နယ်မှာ ဆရာမတို့က ကျောက်မီးသွေးကို လုပ်တော့မယ်။ လုပ်တော့မယ်ဆိုရင် ဆရာမတို့ ဘယ်လိုနည်းပညာတွေနဲ့ လုပ်မလဲ။ ပြည်သူတွေရဲ့ အသံကိုရော ဘယ်လောက်အထိ နားထောင်ဖြစ်ခဲ့လဲ။ “နည်းပညာပိုင်းကတော့ ကျမတို့ ပညာရှင်တွေက ပိုသိတယ်။ ဝန်ကြီးက ပိုသိတယ်။ ကျမကတော့ မျက်မြင်ကိုပဲ ပြောချင်တာ။ ကျမတို့ ဝေးဝေးမကြည့်နဲ့။ မွန်ပြည်နယ် ကျိုက်မရောမှာရှိတဲ့ ဘိလပ်မြေစက်ရုံမှာ ဆိုရင်လည်းပဲ ဒီကလူတွေ သွားကြည့်တယ်။ မျက်မြင်အရကိုပဲ ဒီလိုမျိုး ကျောက်မီးသွေးနဲ့ ပတ်သက်တာတွေ၊ မီးခိုးနဲ့ပတ်သက်တာတွေ ဘာမှ မရှိဘူး။ သူတို့ကတော့ မီးခိုးအကြောင်းကို စိတ်ပူကြတယ်၊ ပြောကြတယ်ပေါ့။ တကယ် ကျမတို့ ကရင်ပြည်နယ်မှာ အုတ်တွေဖုတ်နေတယ်။ ထုံးဖုတ်နေတယ်။ ထုံးဖုတ်တဲ့မီးခိုးက ပိုတောင်ကြောက်စရာကောင်းနေသေးတယ်။ ကောင်းကင်ကြီးကို မည်းနေရောပဲ။ အိမ်မှာ ခြင်ဆေးခွေတွေ သုံးကြတယ်။ ရွာကလူတွေ ထမင်းချက်နေတာလည်း အကုန်လုံးက ထင်းနဲ့ ချက်နေတာပဲ။ ထင်းက စိုနေရင် ထွက်လာတဲ့ မီးခိုးတွေလည်း ဒီထက်တောင်ဆိုးတယ်လို့ ကျမ ထင်ပါတယ်။ အဲဒီလောက်တောင် မီးခိုးမထွက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြင်ခဲ့ရတဲ့ အတိုင်းအတာအရ အဲဒီလိုလည်း မထွက်ဘူး။ အဲဒီပတ်ဝန်းကျင်မှာ လူတွေ ဒီလိုပဲ သွားလာလှုပ်ရှားနေကြတယ်။ လှုပ်ရှားနေတယ်ဆိုတာက စက်ရုံက ဝန်ထမ်းတွေကို ပြောတာ မဟုတ်ဘူး။ အပြင်ကလူတွေ။ နိုင်ငံခြား ခရီးသွားတွေလည်း ဒီလိုပဲ သွားတယ်။ အဲဒီမှာရှိတဲ့ စားသောက်ဆိုင်တွေမှာလည်း စားသောက်နေကြတယ်။ ကျမ သွားတဲ့လူတွေကို မေးကြည့်တယ်။ ကျမတို့လည်း သိခဲ့ရတယ်။ မျက်မြင်အရ တွေ့တာနဲ့ ထင်ထားတာနဲ့က တခုခု လွဲနေပြီလို့ စိတ်ထဲမှာ အဲဒီကတည်းက ဖြစ်လာတယ်။ သိထားတာက ကျောက်မီးသွေးဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ တီကျစ်တို့ ဘာတို့လိုဟာမျိုးတွေပေါ့နော်။ အဲဒီလိုပဲ ကျမတို့က မြင်တယ်။ တကယ်တမ်း မြင်တဲ့အခါကျတော့ အဲဒီလို မဟုတ်တော့ဘူး။ သူတို့တွေကလည်း ပြောပြတယ်။ ကျမဆီလာတဲ့ ဧည့်သည်တွေက ပြောတယ်။ ဆော်ဒီလို နိုင်ငံမျိုးတွေ၊ ရေနံထွက်တဲ့ နိုင်ငံတွေမှာလည်း သုံးနေတယ်ဆိုတော့ မယုံဘူး။ ဒီလောက် ရေနံတွေပေါတာကို။ ဟုတ်တယ် သူတို့က ရေနံကို ရောင်းတာတဲ့။ ကျောက်မီးသွေးကို သုံးနေတာ။ အဲဒီမှာ သူ့ကုမ္ပဏီရှိတဲ့အကြောင်း ပြောပြတာပေါ့နော်။ မယုံဘူးဆိုရင် ဖွင့်ကြည့်ပါတဲ့။ ဖေ့စ်ဘွတ်ခ်တွေမှာ အင်တာနက်တွေမှာ ဖွင့်ကြည့်ပါ။ သူတို့ အဲဒီမှာ လုပ်နေပါတယ်ဆိုတာကို ပြောတယ်ဆိုတော့ ကျမကလေ ဒီလောက်ရေနံထွက်တဲ့ နိုင်ငံတွေလည်း ကျောက်မီးသွေးသုံးတယ်။ အမေရိကန်လိုနိုင်ငံလည်း ကျောက်မီးသွေးသုံးတယ်။ ဂျပန်လိုနိုင်ငံက ၂၈ ရုံတောင် ရှိတယ်တဲ့။ ထိုင်းမှာလည်း ကျမတို့ ခရီးသွားရင်းနဲ့ ကြုံလို့လေ။ ထိုင်းမှာလည်း ကျမတို့ ဝန်ကြီးတွေကို သွားခေါ်ပြနေတယ်။ သူတို့စက်မှုဇုန်ထဲမှာ ကျောက်မီးသွေးသုံးနေတာ လာကြည့်ပါတဲ့။ သူတို့ကတော့ သွားကြည့်နေပြီပေါ့နော်။ ဒါ သူတို့ ဖုန်းနဲ့ပြောတာအရဆိုရင် သူတို့မျက်စိနဲ့ တွေ့ခဲ့တယ်တဲ့။ အဲဒီထဲမှာ နိုင်ငံခြားသားတွေ သွားနေလာနေတာကို သူတို့ မြင်ခဲ့ရတယ်တဲ့။ ကျမက ပြောတယ်။ ခရီးသွားလုပ်ငန်း နိုင်ငံခြားသားလား၊ စက်ရုံလုပ်သားလား ဆိုတော့ မဟုတ်ဘူးတဲ့။ ခရီးသွားတဲ့ လူတွေလည်း သူတို့ တွေ့ရတယ်တဲ့။” စောစောက ဒီမေးခွန်းထဲမှာပဲ ပါတယ်ပေါ့နော်။ ပြည်သူတွေရဲ့ အသံကိုရော ဆရာမတို့ ဘယ်လိုနားထောင်ခဲ့လဲ။ "ပြည်သူ့အသံ နားထောင်တာကတော့ ကျမက ပြန်လာတဲ့အခါကျတော့ ကျမတို့ သွားကတည်းက အုပ်ချုပ်ရေးမှူးတွေ ဘာတွေ ခေါ်သွားတာကိုး။ ဆရာတော်တွေလည်း ပင့်သွားတာပေါ့။ အဲဒီဒေသမှာရှိတဲ့ ကျေးရွာ ၄ ရွာ တစု ကျမတို့ စုလိုက်တယ်။ စိတ်ဝင်စားတဲ့သူတွေ လာတက်ပါ။ ကျောက်မီးသွေးကိစ္စကို ရှင်းပြမယ်ဆိုတော့ လူတော်တော်များများ စိတ်ဝင်စားကြတယ်။ အဲဒီဒေသက လွှတ်တော်ကိုယ်စားလှယ်တွေရော၊ ကျမတို့ပါတီကတော့ မဟုတ်ဘူးပေါ့နော်။ တော်တော်များများ လာတက်တာ တွေ့ရတယ်။ သူတို့တွေလည်း စိတ်ဝင်တစားနဲ့ မေးခွန်းတွေ တော်တော်မေးကြတယ်။ ဒီဘက်ကလည်း တော်တော်ပြန်ဖြေနိုင်တယ်လို့ ပြောကြတယ်။ ပြီးတော့ သတင်းပြန်ကြားချက်အရ လူအယောက် ၂၀၊ ၃၀ လောက်တော့ ရှိမယ်။ အဲဒါကတော့ သူများတွေ ပြန်သွားပြီးမှ သူတို့ မကျေနပ်ဘူးပေါ့။ သူတို့မြေတွေ မပေးနိုင်ဘူးပေါ့။ သူတို့ရဲ့ အဓိကက ကျောက်မီးသွေးက ဖြစ်လာမယ့် မီးခိုးထက် သူတို့မြေတွေကို သိမ်းမယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ပဲ သူတို့က ဖြစ်တာ။ ကျောက်မီးသွေး နည်းပညာကို သူတို့ ဆန့်ကျင်တာ မဟုတ်ဘူး။ သူတို့စိတ်ထဲမှာ ထင်နေတာက မြေတွေသိမ်းမယ်။ အရင်တုန်းကလိုမျိုး သူတို့မြေတွေကို အဓမ္မသိမ်းမယ်ဆိုတဲ့ စိုးရိမ်ပူပန်စိတ်ပဲ ရှိတယ်။ တို့မြေတွေ မပေးဘူးလို့ပဲ သူတို့က ကြွေးကြော်တာ။ အဲဒီတော့ ကျမ စဉ်းစားလိုက်တယ်။ သူတို့က ကျောက်မီးသွေးကို စိုးရိမ်တာ မဟုတ်ဘူး။ မြေသိမ်းမှာကြောက်လို့ပဲ။ မြေသိမ်းတဲ့ကိစ္စက ကျမတို့ တာဝန်ယူနိုင်တယ်။ ကျမတို့ အပြောင်းအလဲမှာ တက်လာတာ၊ သိမ်းထားတဲ့မြေကို ပြန်ပေးဖို့ ကျမတို့ ကြိုးစားနေတာ။ ဒီလိုမျိုး မြေကို လွယ်လွယ်ကူကူ မသိမ်းတော့ပါဘူး။ အဲဒါလေးတော့ သူတို့ကို သိစေချင်တာပေါ့။ အဲဒီတော့ ရှင်းပြခဲ့တယ်။ သေချာလည်း ရှင်းပြခဲ့တယ်။ နောက်တရွာဆိုရင်  ကျမတို့ကို ဘာမှ စောဒကမတက်ဘူး။ ကျမတို့ပြည်နယ်မှာ ဇွဲကပင်ခန်းမကြီးမှာ လုပ်ပါတယ်။ လူတော်တော်များများ တက်ပါတယ်။ ကျမတို့ကလည်း ဘယ်သူရယ်လို့ မကန့်သတ်ထားဘူး။ ကျမတို့ အုပ်ချုပ်ရေးပိုင်းကတော့ အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ ကျေးရွာအကုန်လုံး ဖိတ်ထားတယ်။ အကုန်လုံး လာကြပါတယ်။ သက်ဆိုင်ရာမီဒီယာတွေလည်း သူတို့ဘာသာ ဖိတ်တယ်။ ဘာလို့လဲဆိုတော့ သူတို့ကို ခေါ်တုန်းကလည်း ခေါ်သွားတာကိုး။ အဲဒီတော့ သူတို့လည်း ဖိတ်ခိုင်းတာပဲ။ ဘယ်သူ့မဖိတ်ရဘူးလို့ မရှိဘူး။ ပွင့်ပွင့်လင်းလင်းပဲ ကျမတို့လည်း ရှင်းပေးပါတယ်။ ကျမတို့ဆီက လူတွေလည်း ထိထိရောက်ရောက် ဖြေနိုင်ပါတယ်။” စောစောက ဆရာမ ပြောခဲ့တဲ့အထဲမှာဆိုရင် ကျောက်မီးသွေးလုပ်လို့ ကောင်းတဲ့ အကြောင်းအရာတွေကို သွားလေ့လာတဲ့အခါမှာ ပြတယ်ဆိုတာလေး ရှိတယ်။ တဘက်မှာလည်း အနီးစပ်ဆုံး ကျနော်တို့ရဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆိုရင် ကျောက်မီးသွေးလုပ်တဲ့၊ သူတို့ရဲ့ ယဉ်ကျေးမှုထွန်းကားတဲ့နေရာနဲ့ မနီးမဝေးမှာပဲ ကျောက်မီးသွေးလုပ်လို့ အဲဒီနေရာမှာ ပျက်စီးဆုံးရှုံးမှုအတွက် ကုမ္ပဏီက နစ်နာကြေး လျော်ခဲ့တဲ့ သာဓကတွေ ရှိတယ်။ ကျနော်တို့ စူပါပါဝါလို့ပြောတဲ့ တရုတ်နိုင်ငံက ကျောက်မီးသွေးကြောင့် ရပ်နားလိုက်ရတဲ့ ကိစ္စတွေ ရှိပါတယ်။ ဂျပန်မှာလည်း ကျောက်မီးသွေး ၅၆ ရုံလောက် ရှိတယ်ပေါ့။ တခြား အမေရိကန်မှာလည်း ရှိတဲ့အနေအထား ရှိတယ်။ သူတို့ကလည်း ကျောက်မီးသွေးက ထွက်လာတဲ့ ဆိုးကျိုးတွေက မကောင်းတဲ့အတွက် ရပ်ဆိုင်းဖို့ ဆန္ဒပြနေတဲ့ အနေအထားမျိုးမှာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးစနိုင်ငံက ဒီစီမံကိန်းကို ဘာကြောင့်လုပ်သလဲဆိုတဲ့ မေးခွန်းတွေ ထုတ်နေတယ်။ အဲဒီအပေါ်မှာ ဆရာမ ဘာများ ပြောချင်ပါလဲ။ “ကျမ ပြောချင်တာကလေ သူတို့တွေက ကျမတို့ထက် နည်းနည်းပိုပြီးကဲတယ်။ ကျမတို့ဆီ လာရင်ပဲ ဒီဟာလေးကိုင်လိုက်ရင် နူသွားတော့မလို ဖြစ်နေတယ်။ ကျမတို့ဒေသက ထင်းနဲ့ ထမင်းချက်နေတာလေ။ ခြင်ဆေးခွေတွေ ကျမတို့ ထွန်းနေတယ်။ ထုံးတွေ ဖုတ်နေတယ်။ အုတ်တွေလည်း ကျောက်မီးသွေးနဲ့ အခုလုပ်နေကြတာ ကျမတို့ သိနေရတယ်။ ကျမတို့အတွက်ကတော့ ဒီလောက်ကြီး မဟုတ်ဘူး။ သူတို့တွေမှာတော့ မဟုတ်ဘူး။ ဒီလောက်လေး မီးခိုးလေး မြင်တာနဲ့ တွန့်တွန့် ဖြစ်နေကြတဲ့လူတွေလေ။ အခြေအနေချင်းကတော့ မတူဘူး။ အဲဒီတော့ ကျမတို့ဆီက လူတွေက ဒီလောက်ကိုတော့ တကယ်တမ်းတွေ့ရရင် ပြဿနာတော့ မရှိဘူး။ ဘာဖြစ်လို့ဆိုရင် ဒီမီးခိုးလေးလောက်ကတော့ ကျမတို့ဆီက လူတွေက အဆန်းတကြယ်ကြီး မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒီ့ထက်ဆိုးတဲ့ မီးခိုးတွေ ကျမတို့ဆီမှာ မြင်နေရတယ်လေ။ ရွာတိုင်းလိုလို ထုံးဖုတ်နေကြတယ်။ ကျမတို့ဘက်က ထုံးကျောက်တွေ ပေါတာကိုး။ ဒါကြောင့်မို့လို့ ဘိလပ်မြေစက်ရုံတွေ ရှိတာ။ ထုံးဖုတ်နေတာတွေ ထွက်လာတဲ့ မီးခိုးတွေက ကြောက်စရာကြီးကိုး။ နောက် အုတ်ဖုတ်နေတာတွေ များတာလေ။  ဒီအခြေအနေအရဆိုရင်တော့ ဒီစက်ရုံကထွက်တဲ့ မီးခိုးလေးလောက်တော့ ဟိုးအမြင့်ကြီးမှာလေ။ ထုံးဖုတ်တာ နိမ့်နိမ့်လေးပါ။ အဲလိုဟာထက်စာရင် ကျမတို့က နည်းပညာအရ အများကြီးတော်ပါတယ်။ အများကြီးကောင်းပါတယ်။” စီမံကိန်းတခုကို ပြည်နယ်တခုမှာ လုပ်မယ်ဆိုရင် အဓိကတာဝန်ယူ လုပ်ဆောင်ရတာ ဝန်ကြီးချုပ်ပေါ့နော်။ ဒီစီမံကိန်းတခုကို လုပ်ပြီးသွားရင် သူ့ရဲ့ ကောင်းတာ ဆိုးတာကို ပြောတာ ဝေဖန်တာတော့ ခံရမှာပေါ့။ ဝန်ကြီးချုပ်လည်း ဒီကိစ္စနဲ့ပတ်သက်လို့ အာမခံတယ်လို့ ပြောတယ်ပေါ့။ ဒီစီမံကိန်း လုပ်ပြီးသွားမှ ဖြစ်လာမယ့် ဆိုးကျိုးတွေအတွက်ရော ကျနော်တို့ တွေ့ဆုံမေးမြန်းခန်းကနေပြီးတော့ ဘယ်လိုမျိုး တာဝန်ယူမှုနဲ့ တာဝန်ခံမှုနဲ့ လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါလဲ။ “ကျမ လုပ်ထားပြီးတဲ့ အလုပ်တခုကို ကျမ တာဝန်ယူပါတယ်လို့။ ဘာလို့ ကျမ တာဝန်ယူတယ်လို့ ပြောရလဲဆိုတော့ ကျမ ယုံကြည်ချက်ရှိတယ်။ လူထုတွေ ထင်ထားသလို မဖြစ်ဘူးဆိုတာ ကျမစိတ်ထဲမှာ ယုံကြည်ချက်ရှိနေတယ်။ ကျမတို့ ပြည်နယ်ရော၊ ကျမတို့ မြန်မာပြည်အတွက်ရော မီးက တော်တော်လေးကို သုံးစွဲမှု ပိုများလာတယ်။ ထုတ်လုပ်မှုက လျော့သွားမယ်ဆိုရင် အခက်အခဲရှိလာမယ်။ အခုလို အခြေအနေကောင်းနေတဲ့ အချိန်မှာတောင် ကျမတို့ ကရင်ပြည်နယ် ၇ မြို့နယ်မှာ ၃ မြို့နယ်မှာပဲ ရှိတယ်။ ၄ မြို့နယ်က မရသေးဘူး။ ရတဲ့မြို့နယ်က တနေ့ကို ၂ နာရီလောက်ပဲ ရတယ်ဆိုတော့ ဒီလိုအခြေအနေထက် ဆိုးသွားရင် ကျမတို့က မီးတောင်မရတော့ဘူးပေါ့နော်။ ကျမတို့က ဒီလိုတော့ အဖြစ်မခံနိုင်ဘူး။ ကျမတို့ လုပ်နိုင်တုန်း အခြေအနေမှာ တခုခုတော့ ကြိုးစားပေးချင်တယ်။ အဲဒီလိုမျိုး ကျမတို့လုပ်ရင် နောက်ပြည်နယ်တွေက အခုဆို စိတ်ဝင်စားလာကြပြီ။ သူတို့လည်း ကြိုးစားကြမှာ။ သူတို့တွေ လုပ်လို့ရသွားတဲ့အခါ ကျမတို့ကို ဘယ်သူမှ မကြည့်တော့ဘူး။ အခုက ဘယ်သူမှ မလုပ်လို့သာ သူတို့က။ အခု ကမ်းပြိုသွားတယ်။ သူတို့က လုပ်ပေးမယ်။ သူတို့က အကုန်ခံတယ်။ အကုန်လုံး သူတို့က တာဝန်ယူထားတယ်။ တာဝန်ယူထားတာကို ကျမတို့က မှတ်ချက်ယူထားတယ်လေ။ ဒါ ကျမတို့အစိုးရနဲ့ လုပ်နေတာလေ။ အစိုးရတခုက တာဝန်ယူထားတော့ ကျမတို့က ဒီလိုမျိုး ကြည့်နေမှာမှ မဟုတ်ဘဲ။ ကျမတို့ဟာကို ထိခိုက်သွားရင် ကျမတို့ ပြောမှာပေါ့။ ကျမတို့တောင် မပြောဘူး၊ ရွာကလူတွေ အော်ကြတော့မှာ။ အဲဒီတော့ ဒီဟာတွေကို ကျမတို့က လွယ်လွယ်ကူကူနဲ့ ပြောလိုက်တာ မဟုတ်ဘူး။ ဒါ တကယ်ကို ကျမ တာဝန်ယူမှာပါ။” နောက်ထပ် ထပ်မေးချင်တာက မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လာဖို့ဆိုတာကလည်း မြန်မာနိုင်ငံမှာ ရှိနေတဲ့ လျှပ်စစ်မီး လုံလုံလောက်လောက် ရရှိမှုအခြေအနေတွေ၊ ဒီမြေယာဈေးနှုန်း ကိစ္စတွေပေါ်မှာ အများကြီး မှီတည်နေတဲ့ အနေအထားမျိုး ရှိတယ်ပေါ့။ လျှပ်စစ်မီးရဖို့အတွက်ကို ကျနော်တို့ ခု ပြည်နယ်ကနေ ဆရာမတို့ စပြီးတော့ အကောင်အထည်ဖော်တော့မယ်ပေါ့နော်။ ဆရာမ ပြောသွားတဲ့ အနေအထားမျိုးကလည်း ပြည်သူလူထုကနေပြီးတော့ ထောက်ခံတဲ့ အနေအထားမျိုးတွေ ရှိတယ်ပေါ့။ ဒါပေမယ့် တကယ့်တကယ် အကောင်အထည်ဖော်လာတဲ့ အခြေအနေမှာ ပြည်သူလူထုက မထောက်ခံဘဲနဲ့ ကန့်ကွက်မှုတွေ များလာမယ်ဆိုရင် အစိုးရအဖွဲ့အနေနဲ့ ဘာလုပ်ဖို့ရှိလဲ။ “ကန့်ကွက်မှုများလာလို့ဆိုရင် ဘေးပယောဂတွေကြောင့်လို့ပဲ ကျမက ထင်တယ်။ ဘာလို့လဲဆိုတော့ ကျမတို့ သွားတဲ့အချိန်က တော်တော်လေးကို လှိုက်လှိုက်လှဲလှဲ ရှိနေတဲ့ လူတွေ တွေ့ရပြီးတော့ အခုမှ ကျမတို့ ထပ်ပြီး သတင်းတွေ ကြားနေရတာ။ စိုးရိမ်စိတ်တွေ ဖြစ်လာကြတယ်ပေါ့နော်။ ကလေးတွေ ပြောပြောနေတာ၊ နင်တို့ မွေးလာတဲ့ ကလေးတွေက အတုံးတုံးကြီးတွေ မွေးလာမယ်တို့၊ အဲဒီလိုမျိုးတွေ ပြောကြတဲ့အခါကျတော့ ရွာက လူတွေက ဟုတ်သလိုလိုတွေ ပြန်ဖြစ်ကုန်ကြတယ်ပေါ့နော်။ ဒါပေမယ့် သူတို့ရွာက ကြည်ညိုလေးစားရတဲ့ ဆရာတော်က မျက်မြင်ပဲလေ။" ပြောနေကြသလိုပေါ့နော်။ ဒီလိုမျိုး ကန့်ကွက်မှုတွေ များနေတယ်လို့ သုံးသပ်လို့ရနိုင်မလား။ “တချို့တွေက နည်းနည်းလေးပဲသိတယ်။ သိတဲ့နည်းနည်းလေးကို အရမ်းကြီး မျက်စိမှိတ်ပြီးတော့ ဇွတ်အော်နေတာတွေ တခါတလေ ရှိတတ်တယ်။ တချို့ကျတော့လည်း အရောင်ပါတယ်။ အရောင်ဆိုတာ နိုင်ငံရေးအသွေးအရောင်တွေ ပါတတ်တယ်။ ကျမတို့ ကြိုးစားလိုက်လို့ အောင်မြင်သွားရင် လူထုက လက်ခံလာတဲ့အခါကျင် နောက်များမှာ ငါတို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကရင်ပြည်နယ်မှာ မထိုးဖောက်နိုင်တော့ဘူးလားဆိုတဲ့ အသိစိတ်တွေ သူတို့မှာ ရှိကြတာ ဖြစ်လိမ့်မယ်။ သူတို့ စိုးရိမ်တယ်နဲ့တူတယ်။ အမှန်ဆိုရင် ဒီကိစ္စတခုဟာ ကျမလုပ်လိုက်လို့ မဟုတ်ဘူး၊ ဖြစ်သွားရင် ကျမ မြောင်းထဲရောက်သွားပြီလေ။ တကယ်လို့ သူတို့ ယုံရင် မြောင်းထဲ ရောက်ပါစေပေါ့။ လုပ်ပါစေပေါ့။ အခု အရမ်းကန့်ကွက်တယ် ဆိုကတည်းက ကျမ မြောင်းထဲ မရောက်ဘူးဆိုတာ သူတို့ သိတယ်နဲ့ တူတယ်။ သူတို့ အဲဒါကြောင့်လည်း အရမ်းကန့်ကွက်နေကြလား မသိပါဘူး။” အခု ကျောက်မီးသွေးကိစ္စနဲ့ပတ်သက်လို့ ကရင်ပြည်နယ်မှာ လုပ်ဖို့အတွက် စီမံကိန်း ကုမ္ပဏီတခုကို လျာထားပြီလို့ သိရတယ်။ ဘယ်လိုအခြေအနေတွေထိ ရောက်သွားပြီလဲ။ ဘယ်အချိန်လောက်ကျမှ ဆက်ပြီး အကောင်အထည်ဖော်ကြမလဲပေါ့။ “အခြေအနေက ဘာမှ မရောက်သေးဘူး။ သွားပြီးတော့ အခြေအနေလေး လေ့လာရုံပဲ။ သူတို့ လုပ်နိုင်တယ်၊ မလုပ်နိုင်တယ်။ သူတို့သင်္ဘောတွေ ဝင်လို့နိုင်တယ်၊ မနိုင်ဘူး ဆိုတာ ဒါလေး သွားပြီး စမ်းသပ်ရုံပဲ ရှိသေးတယ်။ သူတို့ကို ပေးမယ့် မြေနေရာ ဘယ်နားမှာလဲပေါ့နော်။ သူတို့လည်း လာကြည့်တာပေါ့။ အဲဒါ ဒီအဆင့်လေးပဲ ရှိသေးတယ်။ ၁၀၀ ရာခိုင်နှုန်းရဲ့ ၂ ရာခိုင်နှုန်းလောက်ပဲ ရှိပါသေးတယ်။” ၂၀၁၈ ခုမှာ စတင်အကောင်အထည်ဖော်မယ်ဆိုတဲ့ သတင်းတွေ ကြားသိခဲ့ရတယ်။ အဲဒါလေးက တကယ်ကို အမှန်ပဲလား။ “ကျမစိတ်နဲ့ဆိုရင် မနက်ဖြန်တောင် ဖြစ်ချင်ပါပြီ။ မြန်မြန်လေးလုပ်လိုက်ရင် လူထုလည်း ဘေးပယောဂတွေ မပါခင်မှာ ဖြစ်ချင်တဲ့စိတ်ပေါ့။ ဒါ ဖြစ်ချင်တဲ့စိတ်ပေါ့နော်။ ဒါပေမယ့် ကိုယ် ဖြစ်ချင်တိုင်းလည်း မဖြစ်သေးဘူးလေ။ သူတို့ဘက်ကလည်း ရှိသေးတာပေါ့။ သူတို့ ရင်းနှီးမြှုပ်နှံမှုဟာတွေလည်း အများကြီးပေါ့။ ကျမတို့ကတော့ မြန်မြန်ဖြစ်အောင် တိုက်တွန်းပါတယ်။ ဘာလို့လဲဆိုတော့ ကျမတို့က ဒါကို မြန်မြန်ဆန်ဆန်ရမှ။ လူထုကလည်း ကျမတို့ ကျေးရွာတွေဆင်းတိုင်း မီးပဲ မေးတာ။ မီး ဘယ်တော့ရမှာလဲ၊ ဘယ်တော့ရမှာလဲ ဒီတိုင်းပဲ မေးတာ။ မီးကလည်း ကျမတို့က ကြော်ငြာဝင်ထားသလိုပဲ။ အရင်အစိုးရက တိုင်လေးတွေတော့ လာစိုက်ထားတယ်။ အခုအစိုးရ တက်လာတော့လည်း မီးက ပြဿနာ။ မလုပ်ပေးနိုင်ရင်လည်း တိုင်သွားမစိုက်ပေးထားနဲ့လေ။ အခုက တိုင်လေးတွေ လာစိုက်ထားတော့ တိုင်တော့ ရောက်နေပြီ၊ မီးက ဘယ်တော့ရောက်မှာလဲဆိုတာ သူတို့တွေအားလုံးက ဒီလိုပဲ မေးနေကြတော့  ကျမတို့က အဲဒါ အခက်အခဲတခု ဖြစ်တယ်။ ဒီအခက်အခဲတွေနဲ့ လူထုကို အမြန်ဆုံး ကျမက ဆောင်ရွက်ပေးချင်တာ။ တကယ်ပဲ လိုအပ်နေတဲ့ဟာတွေ၊ သူတို့လိုချင်တဲ့ဟာတွေကို ဆောင်ရွက်ပေးချင်တာ တခုပါပဲ။” ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုအစိုးရကရော ဒီကိစ္စအပေါ်မှာ ဘယ်လိုမျိုး မှတ်ချက်ပေးတာတွေများ ရှိလဲ။ “ကျမ မနေ့က လျှပ်စစ်ဝန်ကြီးနဲ့ တွေ့ပါတယ်။ စီမံဘဏ္ဍာဝန်ကြီးနဲ့လည်း တွေ့ပါတယ်။ သူတို့က ကျမကို လုံးဝ ထောက်ခံတယ်။ ကန့်ကွက်စရာအကြောင်းလည်း မရှိပါဘူး။ ဝန်ကြီးချုပ်တဲ့၊ ပြည်နယ်ကနေ အခုလိုမျိုး ကြိုးစားတာလည်း ဝမ်းသာပါတယ်တဲ့။ ဘာလို့လဲဆိုတော့ တတိုင်းပြည်လုံးအနေနဲ့ ရှိတယ်ဆိုတော့ ဒီလိုပဲ ပြည်နယ်က ကိုယ့်ဘာသာကိုယ် ကြိုးစားကြတော့။ ကျမတို့ရဲ့ လုပ်ပိုင်ခွင့်တော့ မဟုတ်ဘူးပေါ့။ ဝိုင်းပြီး ကြိုးစားကြတယ်။ သူတို့ရဲ့ အဓိကက ဒေသရဲ့လူထုတွေ လက်ခံနိုင်တယ်ဆိုရင် သူတို့ကလည်း လုပ်ပေးစေချင်တာ။ ဝန်ကြီးချုပ်တဲ့၊ ဒေသကလူတွေ လက်ခံတဲ့ အခြေအနေ ရှိလားတဲ့၊ လက်ခံတဲ့ အခြေအနေရှိပါတယ်။ အခုတော့ အခြေအနေလေးက တမျိုးပေါ့နော်။ ဆိုတော့ အဲဒါကြောင့်မို့လို့ ဝန်ကြီးချုပ်တဲ့၊ မြန်မြန်ဆန်ဆန်လုပ်တဲ့။ ကြာလေ ဘေးပယောဂတွေက များလာလေပဲပေါ့နော်။ ကျနော်တို့ကလည်း မြန်မြန်ဆန်ဆန် ဖြစ်စေချင်တယ်ပေါ့။ သူတို့ကို တင်ပါပေါ့နော်။ နောက်ပိုင်းတော့ ကျမ ဝန်ကြီးကပဲ လုပ်ထုံးလုပ်နည်းတွေနဲ့ လိုက်ပြီး ဆောင်ရွက်ပါလိမ့်မယ်။” ကရင်ပြည်နယ်မှာ မီးလင်းဖို့အတွက် ကျောက်မီးသွေးတခုတည်းကနေပြီးတော့ပဲ မီးလင်းဖို့ ဆောင်ရွက်မှာလား၊ တခြား ဘယ်လိုပုံစံမျိုးနဲ့ ဆောင်ရွက်ဖို့များ စီမံချက်တွေထားတာ ရှိလဲ။ “ရှိတယ်။ ကျောက်မီးသွေးက ကြာဦးမှာပါ။ အခုလောလောလတ်မှာ ကျမတို့က ပိုင်ကြုံတို့ ဘာတို့မှာ ရေတံခွန်အသေးလေးတွေ ရှိတယ်။ ၅ မီဂါဝပ်တို့၊ ၁၀ မီဂါဝပ်တို့ ရှိတယ်။ အဲဒါတွေလည်း ကျမ လေ့လာစူးစမ်းခိုင်းတယ်။ နောက် မြဝတီဘက်မှာလည်း ရှိတယ်။ ၁၀ မီဂါဝပ်တို့၊ ၂၀ မီဂါဝပ်။ အဲဒီလို ရလည်း ကျမ ကျေနပ်တယ်။ သံလွင်မြစ်မှာလည်း မြစ်တက်ခွဲလေး တခုရှိတယ်။ ဘေးက မြစ်တက်ခွဲတွေ။ အဲဒီမြစ်တက်ခွဲလေးမှာလည်း ကျမ ကြိုးစားထားတယ်။ သူ့ဆီမှာကတော့ ၂၀ မီဂါဝပ်လောက် ထွက်မယ်။ သူကလည်း လာပြီး အကုန်လုံး လာကြည့်ပြီးသွားပြီ။ ဒါပေမယ့် သူတို့ကတော့ နိုင်ငံခြားသားကုမ္ပဏီတခုလည်း ဖြစ်တယ်ဆိုတော့ အဲဒီနေရာတွေမှာ နိုင်ငံခြားတွေ အဝင်အထွက်ရှိတော့ ကျမတို့ဆီက လူတွေကပဲ အမြင်ထဲမှာ အဲဒီလိုမျိုးလာတာ မကြိုက်တာလား မသိဘူး။ တရုတ် မဟုတ်ဘူး။ က်မ သိတာက ၾသစေၾတးလ်။ အဲဒီလို အဝင်အထွက်တွေရှိတော့။ နောက်ပြီးတော့ ကျမတို့က ဒေသခံတွေပဲ များများဖြစ်စေချင်တာပေါ့လေ။ ဒါပေမယ့် အဲဒီနည်းပညာတွေကို သေချာကျွမ်းကျင်တာ သူတို့ပဲနဲ့ တူတယ်။ သူတို့ပဲ တိုင်း၊ သူတို့ကိုယ်တိုင် လိုက်ပြီးတော့ study လုပ်သွားတာတော့ အများကြီးပါပဲ။” နည်းပညာပိုင်း အာမခံမှုကို ဘယ်လောက်ထိများ ဆရာမတို့ လုပ်ဆောင်ဖို့ရှိပါလဲ။ “နည်းပညာပိုင်းက ကျမဝန်ကြီးကို လွှဲထားတယ်။ ကျမ အပေါ်ယံပိုင်း ဖြစ်စေချင်တဲ့ဆန္ဒပဲ ရှိတာ။ ကျမ ဝန်ကြီးကလည်း နည်းပညာပိုင်းနဲ့ ကျွမ်းကျွမ်းကျင်ကျင် ရှိပါတယ်။ အရင်တုန်းကလည်း လျှပ်စစ်မှာ အကြာကြီး တာဝန်ထမ်းဆောင်ပြီး ပင်စင်ယူထားတဲ့သူပါ။ နောက်ပြီး ကုမ္ပဏီတွေမှာလည်း ဒီလိုပဲ ပညာရှင်အနေနဲ့ ဝင်လုပ်နေတဲ့သူပါ။ သူက အတိုင်းအတာတခုအထိတော့ ဆောင်ရွက်ပေးနိုင်ပါတယ်။” နောက်ထပ်တပိုင်း ပြောချင်တာက ဆရာမ ဒီဝန်ကြီးချုပ်မဖြစ်ခင်အချိန်မှာ ကရင်ပြည်နယ်ရဲ့ တိုးတက်မှုအပေါ်မှာ ကြည့်တဲ့အမြင်နဲ့ အခု ဝန်ကြီးချုပ်ဖြစ်သွားပြီးတဲ့အချိန်မှာ ကိုယ်တိုင် တာဝန်ယူပြီးတော့ လုပ်ဆောင်တဲ့အချိန်မှာ ကရင်ပြည်နယ်ရဲ့ တိုးတက်မှု ဘာတွေ ကွာခြားသွားလဲ။ “ဟိုတုန်းကတော့ သူများလုပ်နေတာပေါ့နော်။ ကိုယ်က အားမလိုအားမရ ဖြစ်နေတာပေါ့။ ကျမတို့ အပြောင်းအလဲတခုကို တက်လာတဲ့အခါကျတော့ ကျမတို့ လုပ်ချင်တာတွေ စိတ်ကူးယဉ်ခဲ့တာတွေ လုပ်ဖို့အတွက်ကို ဖြေရှင်းပေးနေရတာ အရင်အစိုးရက ကျမတို့ကို ချန်ထားတဲ့ မြေယာပြဿနာတွေပေါ့။ ဒါတွေကို ကျမတို့က ဖြေရှင်းပေးနေရတာ။ မဖြေရှင်းလို့လည်း မရဘူး။ ကျမတို့ ဒါကို ခဏဖယ်ထားဦးမယ်၊ ငါတို့ လုပ်စရာရှိတာတွေ လုပ်ဦးမယ် ဆိုရင်လည်း မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူထုက ဖုန်ထတာတောင်မှ ကျမကို လမ်းပေါ်တက်ပြီး ဆန္ဒပြခွင့်ပြုပါပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ရှေ့က ကားဖြတ်သွား ဖုန်ထလို့ဆိုတော့။ အဲဒီလိုအခြေအနေဆိုတော့ တဆိတ်ရှိရင် ဆန္ဒပြမယ်၊ အော်နေမယ်ဆိုရင် သာမန်လူတွေ အချိန်မှာ ကျမတို့ အပြောင်းအလဲကာလ မတည်မငြိမ်ဖြစ်သွားမှာပေါ့နော်။ ကျမတို့က ဒါတွေကို မဖြစ်စေချင်ဘူး။ ဒါကြောင့်မို့လို့ သူတို့တွေကိုလည်း ကြိုးစားဆောင်ရွက်နေရတယ်။ တကယ်တမ်း ကျမတို့လုပ်ရမှာ တနှစ်အတွင်းမှာ ဖြစ်စေချင်တာ အများကြီးရှိတယ်။ အချိန်မပေးနိုင်တဲ့ဟာတွေပေါ့။ အခု ကျမတို့ကို တွေ့ချင်တဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေက တွေ့ဖို့ဆိုရင် ဒီဟာကို ကျမတို့ အချိန်မပေးရဘူး၊ ဒီဟာတွေကို အစည်းအဝေးထိုင်ပြီး ဖြေရှင်းနေရတာတွေ လုပ်နေရတဲ့အချိန်တွေ ရှိတယ်။ ဒါပေမယ့် ကျမ ထင်တယ်။ ကျမတို့က တနှစ်အတွင်းမှာတော့ ပြောင်းလဲမှုကို လုပ်နိုင်ပါတယ်။ သိပ်ပြီးတော့ သိသာထင်ရှားတာတော့ တနှစ်ပဲလေ။ ဒီလောက်အတိုင်းအတာနဲ့ ကျမအထင်တော့ သိသာထင်ရှားတာလေးတော့ ရှိပါတယ်။ ဒါလည်း ကျမတို့လူထုက သိပါတယ်။ ဘာလို့ဆို မီးတွေ ဘာတွေ ကျမတို့ဆီမှာ အရင်တုန်းကလို မြို့တော်ကြီးတွေမှာ ထားသလိုမျိုး double arm တွေပေါ့။ ဒီလိုမျိုးတွေ ကျမတို့ပြည်နယ်က ရှိထားတဲ့ ပိုက်ဆံလေးနဲ့ တခေါက်ကို နည်းနည်း၊ သုံးလေးလကို တခုနည်းနည်းဆို ကျမတို့ ဒီလိုမျိုးပေါ့နော်။ သူများပြည်နယ်တွေမှာရှိတဲ့ မြို့တော်အင်္ဂါရပ်တွေ၊ တခြားနိုင်ငံကို ပြောတာ မဟုတ်ဘူး။ ကျမတို့ မြန်မာပြည်ထဲမှာရှိတဲ့ ပြည်နယ်တွေ အင်္ဂါရပ်တွေနဲ့ညီအောင်ပဲ လိုက်ပြီးဆောင်ရွက်တဲ့အဆင့်ပဲ ရှိပါသေးတယ်။” နောက်ထပ်တခု ထပ်မေးချင်တာက ကရင်ပြည်နယ်မှာပဲ မြေယာကိစ္စလိုမျိုး၊ မီးလင်းရေးကိစ္စလိုမျိုး အရေးကြီးတဲ့ကိစ္စထက် နောက်ထပ် ထပ်ပြီးဆောင်ရွက်စရာ ကိစ္စတွေက ဘာတွေ ဖြစ်နေဦးမလဲ ဆရာမ။ “အရေးကြီးကိစ္စတွေက ဘာတွေလဲဆိုတော့ ငြိမ်းချမ်းရေးကိစ္စ ရှိတယ်။ ငြိမ်းချမ်းရေးတွေဟာ အပေါ်ပိုင်းမှာတော့ တယောက်နဲ့တယောက် စာချုပ်တွေ ချုပ်ကြတယ်။ အချက်အလက်တွေ ရှိကြတာပေါ့။ ဒီစည်းမျဉ်းစည်းကမ်းတွေလည်း သူတို့က လိုက်နာမယ်လို့ လက်မှတ်ထိုးထားတယ်။ တကယ်တမ်းကျတော့ အဖွဲ့အစည်းတွေက အများကြီးပဲ။ အပေါ်ကနေ အောက်ကို ညွှန်ကြားတဲ့ ညွှန်ကြားချက်တွေက တခါတလေကျရင် လိုက်နာဖို့ အားနည်းကြတာတွေ ရှိတယ်။ အဲဒီအခက်အခဲက ဘယ်မှာ လာတွေ့လဲဆိုတော့ ကျမဆီမှာ လာတွေ့တယ်။ တွေ့တဲ့အခါကျတော့ သူတို့က စားဝတ်နေရေးအတွက်ပေါ့၊ အရင်တုန်းကဆိုရင် သူတို့က ဆက်ကြေးတွေ ဘာတွေ ကောက်တယ်။ ဒီလိုမျိုးဟာတွေအတွက် ကျမကို လာပြီး အကူအညီတောင်းတာတွေလည်း ရှိတယ်။ တချို့ကလည်း ခပ်ကြမ်းကြမ်းလေး ဆက်ဆံတာ ရှိတယ်။ တချို့ကလည်း သိမ်သိမ်မွေ့မွေ့နဲ့ လာပြီးဆက်ဆံတယ်ဆိုတော့ ကျမ ဒီဟာတွေကိုလည်း ဖြေရှင်းပေးရတာ အများကြီးပဲ။ အဲတော့ သူတို့စီးပွားရေးတွေ အဆင်ပြေအောင်လို့ ကျမ ပြည်နယ်တွေ၊ တိုင်းတွေကို လိုက်ပြီး သူတို့နဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေပေါ့။ ဥပမာ နွားတင်ချင်တယ်ပေါ့နော်။ နွား ဘယ်လောက်တင်ချင်တယ်ဆိုရင် ဟိုဘက်ပြည်နယ် ဝန်ကြီးချုပ်ကို သွားပြီးတောင်းပန်ရတယ်။ ကျမတို့ နွားတွေလုပ်ပေးပါ၊ ဒါတွေ ဒုက္ခဖြစ်နေတယ်။ နွားတွေ ဝယ်ထားပြီးပြီ။ ဝန်ကြီးချုပ်က ခွင့်ပြုတယ်။ ကျမကတော့ ခွင့်ပြုတယ်။ ဟိုဘက်က မပေးတဲ့အခါက သူတို့မှာ နွားတွေ သေကုန်ပြီ၊ သူတို့ ရှုံးကုန်ပြီဆိုပြီးတော့ ကျမမှာ အဲဒီဝန်ကြီးချုပ်တွေကို လိုက်ပြောရတယ်။ ဒီအခက်အခဲတခုကလည်း ကျမ ဥပမာ နွားတခုပဲ ပြောတာ။ ကျမမှာ ရှိသေးတယ်။ ဘာသာရေးအရလည်း ရှိတယ်။ တော်တော်လေးကို များပါတယ်။” ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဆက်စပ်ပတ်သက်မှု ရှိနေတာက ပြည်နယ်တခုမှာ မတည်မငြိမ် ဖြစ်မယ်ဆိုရင် အရင်ဆုံး စစ်ဘေးရှောင် စစ်ဘေးဒုက္ခသည်ကိစ္စတွေပေါ့။ အခု စစ်ဘေးဒုက္ခသည်ကိစ္စနဲ့ ပြောမယ်ဆိုရင် စစ်ဘေးဒုက္ခသည် လက်မခံဘဲ ပြန်ပို့မယ့် အနေအထားမျိုးတွေ ရှိတယ်။ တချို့နေရာတွေမှာဆိုရင် စစ်ဘေးဒုက္ခသည်တွေကို ထားဖို့အတွက် သူ့နေရာကို ပြန်လာရင် အလုပ်အကိုင်ရပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေတဲ့ အနေအထားပေါ်မှာ ပြည်နယ်အစိုးရမှာ တာဝန်ရှိနေတဲ့ ဝန်ကြီးချုပ်တယောက်အနေနဲ့ ဘယ်လိုတွေ ပူးပေါင်းဆောင်ရွက်တယ်၊ ဘယ်လိုတွေ လုပ်ဆောင်ထားတာတွေ ရှိလဲ။ “စစ်ဘေးဒုက္ခသည်ဆိုတာ တဘက်နိုင်ငံကို သွားတဲ့လူလား၊ အခုလောလောဆယ် ကျမတို့ မြိုင်ကြီးငူမှာ နေနေတဲ့သူတွေလား။ ကျမကတော့ ရှင်းရှင်းပြောရင် အကုန်လုံးကို ကိုယ့်ပြည်နယ်ထဲ ပြန်ပြီးခေါ်စေချင်တာပေါ့နော်။ အခုရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ကြာလာတဲ့အခါကျတော့ ဒီလိုပဲ ကျွေးတဲ့ထမင်းစားပြီး ကြာလာတော့ ကျမတို့လူမျိုးတွေ တုံးကုန်မှာပေါ့။ ငပျင်းတွေ ဖြစ်ကုန်မှာပေါ့။ ကိုယ့်ပြည်နယ်အတွင်း ပြန်လာပြီး အလုပ်လုပ်စေချင်တာပေါ့။ သူတို့တွေက အလုပ်အကိုင်တွေ ဖန်တီးပေးမလားဆိုတော့ ကျမတို့က နေစရာပေးမယ်၊ သူတို့သားသမီးတွေကို ပညာသင်ကြားဖို့အတွက်၊ ကျန်းမာရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးမယ်။ သူတို့ အလုပ်အကိုင် ရရှိရေးအတွက် ကျမတို့ ကြိုးစားပေးမယ်။ ဘာလို့လဲဆိုတော့ ကျမတို့ ပြည်တွင်းထဲမှာတောင် အလုပ်အကိုင်မရှိလို့ တဘက်နိုင်ငံသွားပြီး အလုပ်လုပ်နေရတာ။ ဒီလိုလူတွေကို ကျမတို့ အလုပ်အကိုင်ဖန်တီးပေးဖို့ ကျမတို့ မီးရှိမှ ဖြစ်မယ်လို့ ပြောတာ။ မီးရှိရင် အထည်ချုပ်စက်ရုံတွေ ပေါ်လာမယ်၊ စက်ရုံတွေ ပေါ်လာရင် သူများနိုင်ငံမှာ သွားလုပ်နေစရာ မလိုဘူး။ ကိုယ့်နိုင်ငံထဲမှာ လာလုပ်မှာပေါ့။ ဒီလူတွေအတွက် ကျမတို့ ဒါတွေ ဖန်တီးပေးနိုင်တာပေါ့။ အခု ဒါတွေမရှိဘဲနဲ့ ပြန်လာပါလို့ ကျမတို့ ခေါ်တယ်။ သူတို့ကို လူစေ့ အလုပ်ပေးနိုင်ပါ့မလား။ ဒါမှမဟုတ်ရင် သူတို့က တနိုင်တပိုင်လေး နွား၊ ကြက် မွေးပြီးတော့ ဒီလိုပဲ သူတို့ဟာသူတို့ ကြိုးစားယူမလား။ ရေကန်အသင့် ကြာအသင့်တော့ ကျမတို့ကတော့ လုပ်ပေးချင်တာပေါ့။ အဲဒီလောက်အထိ ကျမတို့အစိုးရက ချမ်းသာတဲ့ အစိုးရလည်း မဟုတ်ဘူး။ ကျမတို့ ပြည်နယ်လည်း ထိုနည်းလည်းကောင်းပဲ။ ကျမတို့လည်း ဘာမှ သိပ်ပြည့်ပြည့်စုံစုံရှိတဲ့ အစိုးရလည်း မဟုတ်ဘူး။” အခု ဒီပြည်နယ်မှာရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကနေပြီးတော့ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး အိမ်ရာစီမံကိန်းတွေ လုပ်နေတာ ရှိတယ်ပေါ့နော်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပြည်နယ်အစိုးရကရော ဘယ်လိုတွေ ပူးပေါင်းဆောင်ရွက်ဖို့ရှိလဲ။ “အိမ်ရာစီမံကိန်းက ကျမတို့ကို နီပွန်ဖောင်ဒေးရှင်းက ပေးတဲ့ အိမ်တွေပါ။ အဲဒီအတွက်လည်း သူ့သက်ဆိုင်ရာ သက်ဆိုင်ရာကို၊ ကျမတို့က တချို့ဆိုရင် သူတို့ငြိမ်းချမ်းရေးအဖွဲ့တွေကို ပြန်ပြီးတော့ လုပ်ပေးတာ။ သူတို့ရဲဘော်တွေ သူတို့ဘာသာ အုတ်လုပ်တယ်၊ ဆောက်တယ်။ သူတို့လည်း အလုပ်ရတယ်။ အဆင်ပြေတယ်ဆိုတော့ ဒီဟာလည်း တနည်းအားဖြင့်တော့ ထိရောက်ပါတယ်။ ဒီပြင်လူတွေကို မခေါ်ဘူး။ သူတို့ဒေသမှာ သူတို့ပဲ ဆောက်တော့လည်း အဆင်ပြေကြတယ်။” အခု ကျနော်တို့ ရန်ကုန်တိုင်းမှာဆိုရင် တချို့ တိုးဂိတ်တွေမှာ ပိုက်ဆံမကောက်တဲ့ အနေအထားတွေ ရှိတယ်ပေါ့။ ကရင်ပြည်နယ်မှာရော တိုးဂိတ်တွေနဲ့ပတ်သက်ပြီးတော့ ငွေကြေးကောက်ယူမှုကို ဘယ်လိုများ ဖြေလျှော့ဖို့ရှိပါလဲ ဆရာမ။ “အဲဒါကတော့ အဖွဲ့အစည်းတွေနဲ့ ဆိုင်ပါတယ်။ နောက်မှပဲ အဲဒါက ညှိနှိုင်းရမှာပေါ့နော်။ ကောက်တော့ ကောက်ဦးမယ်ထင်တယ်။” မီဒီယာသမားတွေကို ၆၆(ဃ) လို အမှုမျိုး တရားစွဲတာနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်တယောက်အနေနဲ့ ဘာများ မှတ်ချက်ပေးစရာရှိလဲ။ “ဘယ်အလုပ်ပဲလုပ်လုပ်ပါ။ တရားဥပဒေစိုးမိုးရေးက အဓိကလေ။ သူ့စည်းမျဉ်းစည်းကမ်းအတိုင်းလုပ်ရင် ၆၆(ဃ) နဲ့ မထိပါဘူး။ ဘောင်ကျော်တာတွေလည်း ရှိရင်ရှိမှာပေါ့။ တခါတလေကျတော့ ကျမလည်း မြင်ရတာတွေ ရှိပါတယ်။ နည်းနည်းလွန်ကဲတာတွေလည်း ရှိတယ်ပေါ့။ အဲဒီအခါကျတော့ ကျမတို့ဆီမှာ ဖုန်ထတာတောင်မှ ဆန္ဒပြချင်နေတာတွေ ရှိတယ်။ အဲဒီလိုပေါ့။ တခါတလေကျရင်လည်း သတင်းသမားတွေလည်း သူတို့ စိတ်ဆန္ဒပြင်းပြပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ ကျော်တာတွေ ရှိပါလိမ့်မယ်။ အဲဒီလိုမျိုး စည်းမျဉ်းစည်းကမ်းကျော်လည်း ဒီဘောင်ထဲ မဝင်ဘူးဆိုရင် ပြန်လွတ်မှာပါ။ သတင်းသမားကို ဖမ်းသွားတာပဲဟာ။ ဒီလိုချည်းတော့ မရပါဘူး။ တရားမမျှတဘူးဆိုရင် ဝိုင်းအော်ကြမှာပေါ့။” ၆၆(ဃ) ဆိုတာက သတင်းသမားတွေတင် မဟုတ်ဘူးပေါ့။ လူမှုကွန်ရက်သုံးစွဲတဲ့ ပြည်သူတိုင်းမှာ ထိခိုက်နစ်နာမှုတွေရှိနေတဲ့ အနေအထားမျိုးမှာ လွှတ်တော်က ဒီလိုမျိုး ပြင်သင့်၊ မပြင်သင့်ကို ဘယ်လိုမျိုး မှတ်ချက်ပေး ပြောကြားချင်တာ ရှိလဲ။ “ကျမထင်တယ်။ တခါတခါကျတော့ ဖေ့စ်ဘွတ်ခ်တွေက တော်တော်ကြောက်စရာကောင်းအောင် ပြောနေတယ်။ မဟုတ်ဘဲနဲ့ တယောက်ပြောရင် ဒီလူတယောက်အတွက် အင်မတန် ထိခိုက်နစ်နာပါတယ်။ ကိုယ်ကျင့်တရားတွေနဲ့ ပြောတာတွေ၊ သိက္ခာပိုင်း စော်ကားတာတွေ ဒီလိုတွေရှိတော့ ဒါက နည်းနည်းလေး ထိန်းချုပ်ထားရမယ်လို့ ကျမ ထင်တယ်။” ဆရာမအနေနဲ့ ဒီမှာ ဘာများ ထပ်ပြီးဖြည့်စွက် မှတ်ချက်ပေး ပြောချင်ပါလဲ။ “ကျမ ပြောချင်တာကတော့လေ။ ပြည်သူတွေကို ပြောချင်တယ်။ ကျမက တကယ် ရိုးရိုးသားသား ကရင်ပြည်နယ်အတွက် ကြိုးစားတာပါ။ နိုင်ငံရေးကိုလည်း ရိုးရိုးသားသားပဲ ကျမ လုပ်ဆောင်နေတာပါ။ အဲဒီတော့ ကျမရဲ့ လုပ်ဆောင်ချက်အပေါ်မှာ ယုံကြည်မှုရှိပါလို့။ ယုံယုံကြည်ကြည် မဲပေးခဲ့တာပဲလို့။ ကျမတို့ရဲ့ လုပ်ဆောင်ချက်ကိုလည်း ယုံကြည်ချက် ထားပါလို့။ ကျမက ကျောက်မီးသွေးလုပ်ပေးတယ်။ ပြည်သူအတွက် တကယ် အကျိုးမရှိဘူးဆိုရင် ကျမ ရှေ့ဆုံးကနေပြီးတော့ ဆန္ဒပြတဲ့အထဲမှာ ကျမ ပါမယ်။ အကြီးအကျယ်ကန့်ကွက်တဲ့အထဲမှာ ကျမ ပါမယ်။ မပိတ် ပိတ်တဲ့အထိ ကျမတို့ ကြိုးစားလုပ်ဆောင် ဆောင်ရွက်မယ်။ ဘယ်တော့မှ ပြည်သူအပေါ်မှာ ဆိုးဆိုးဝါးဝါး မဖြစ်စေရဘူးလို့ ကျမ တာဝန်ယူပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024