၁ ဘီလီယံက ပလုံသွားတယ် - ဒေါ်စန္ဒာမင်း
DVB
·
June 19, 2017
ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ လွှတ်တော်ရဲ့ကြားထဲမှာ ဘယ်လောက်ထိ အပြန်အလှန် ထိန်းကျောင်းမှုတွေ လုပ်နိုင်လဲ၊ လွှတ်တော်နဲ့ အစိုးရ အပြန်အလှန် ထိန်းကျောင်းရာမှာ ဘာအခက်အခဲတွေ ရှိနေသလဲဆိုတာနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။
အစ်မကိုယ်တိုင်ကလည်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဟာ ဟန်ရေးပြလွှတ်တော် ဖြစ်နေတယ်လို့ ပြောထားတာ ရှိပါတယ်။ အဲဒီတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ လွှတ်တော်ရဲ့ကြားထဲမှာ အပြန်အလှန်ထိန်းကျောင်းဖို့ ဘယ်လိုအခက်အခဲတွေ၊ အဟန့်အတားတွေ ရှိနေပါသလဲ။ ဒီအခက်အခဲတွေကိုကော အစ်မတို့ အန်အယ်လ်ဒီက လွှတ်တော်အမတ်တွေက ဘယ်လိုဖြတ်ကျော်သွားဖို့ စီစဉ်ထားတာမျိုးတွေ ရှိလဲခင်ဗျာ။
“ဟုတ်ကဲ့။ ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရရှိထားတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေပဲ ဖြစ်ပါတယ်။ ဒီကိုယ်စားလှယ်တွေဟာ ကျမက ရန်ကုန်တိုင်းဒေသကြီးအစိုးရ ကိုယ်စားပြုဖြစ်တဲ့အတွက် တိုင်းဒေသကြီးအစိုးရကို ရောက်ရှိလာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အလွန်တရာပဲ တက်ကြွကြပါတယ်။ တက်တက်ကြွကြွနဲ့ အရမ်းရှိတဲ့အခါကျတော့ ကိုယ့်ကိုရွေးချယ်ပေးလိုက်တဲ့ မြို့နယ်က ပြည်သူတွေကနေပြီးတော့ ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ တာဝန်ကျေပြွန်စွာပဲ ဆောင်ရွက်ကြပါတယ်။ ဒီနေရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူကနေ ပြည်သူ့ကိုယ်စား ရွေးချယ်ပေးလိုက်တာ ဖြစ်တဲ့အတွက် ပြည်သူတွေက အစိုးရနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတာမျိုးတွေ၊ ပြည်သူတွေအတွက် အနှောင့်အယှက်၊ အဟန့်အတားဖြစ်တယ်ဆိုတဲ့ ကိစ္စမျိုးတွေကို လွှတ်တော်ကိုယ်စားလှယ်တွေကနေတဆင့် လွှတ်တော်ထဲကို တင်ပြလာကြပါတယ်။”
“အဲတော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ကလည်း လွှတ်တော်မှာ တင်ပြဆွေးနွေးဖို့ တာဝန်ဝတ္တရား ဖြစ်လာပါတယ်။ ဒါကြောင့်မို့လို့ ဒီလွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ထဲကို ပြည်သူ့ရဲ့ကိုယ်စား ပြည်သူ့အခက်အခဲတွေ တင်ပြဆွေးနွေးရတဲ့အခါမှာ အဆို ဆိုတဲ့ဟာမျိုးလည်း ရှိပါတယ်။ မေးခွန်းဆိုတဲ့ ဟာမျိုးလည်း ရှိပါတယ်။ အဆိုဆိုတဲ့ဟာက အဆိုတခုကို တင်လိုက်တယ်ဆိုလို့ရှိရင် မူဝါဒချမှတ်ပေးပြီးတော့ အဲဒီအတိုင်းကို လွှတ်တော် တိုင်းဒေသကြီးအစိုးရကနေ မဖြစ်မနေ လုပ်ဆောင်ရပါတယ်။ ဒီမူဝါဒအတိုင်းကိုပဲ လုပ်ဆောင်ပေးရပါတယ်။ အဆိုကို အောင်မြင်သွားတယ်ဆိုရင်။ မေးခွန်းဆိုတာကတော့ လုပ်မှာလား၊ မလုပ်ဘူးလားဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ မေးခွန်းရဲ့သဘောအရတော့ အဆိုထက်စာရင် နည်းနည်းနိမ့်တယ်လို့ ပြောရမှာပေါ့နော်။”
“အဲတော့ ဒီအဆိုတွေ၊ မေးခွန်းတွေ တင်တဲ့အခါမှာ လွှတ်တော်ဥက္ကဋ္ဌကလည်း တင်သင့်တဲ့အဆိုလား၊ လွှတ်တော်ကိုယ်စားလှယ်တယောက်က တင်လိုက်တဲ့အဆိုဟာ ပြည်သူတွေအတွက် အကျိုးရှိသွားမယ့် ကိစ္စမျိုးလား၊ တိုင်းဒေသကြီး အစိုးရအနေနဲ့ လိုက်နာဆောင်ရွက်ဖို့ အခက်အခဲမရှိတဲ့ အဆိုတခုဆိုလို့ရှိရင်တော့ လွှတ်တော်ဥက္ကဋ္ဌက တင်ပေးရမယ့်ဝတ္တရား ရှိပါတယ်။ အခုန ကျမတို့ကို ဘယ်လိုကိစ္စမျိုးတွေကိုတော့ အဆိုမတင်ရဘူး ဆိုတဲ့ဟာကိုတော့ တိုင်းနဲ့ပြည်နယ် လွှတ်တော်ဥပဒေထဲမှာလည်း ပြဋ္ဌာန်းထားတာရှိတာကို လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကောင်းကောင်းနားလည်ပါတယ်။ ဒါကြောင့်မို့လို့ ဟန်ပြလွှတ်တော်အနေနဲ့ မဖြစ်လာအောင်တော့ လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပေးလိုက်တဲ့ ကိစ္စမျိုးတွေကို တိုင်းဒေသကြီး အစိုးရအနေနဲ့ပေါ့နော် ၁၀၀ ရာခိုင်နှုန်းမဟုတ်ဘူး ဆိုရင်တောင် ၆၀ ရာခိုင်နှုန်းကို လိုက်နာဆောင်ရွက်ပေးဖို့ ဝတ္တရားရှိပါတယ်။"
“ဥပမာအားဖြင့် ပြောရရင် ဒီမိုးပျံဘောလုံးကိစ္စဆိုလို့ရှိရင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ ဒီလွှတ်တော်မှာ ဆွေးနွေးနိုင်ဖို့ကို ပြည်သူတွေက မြေပြင်မှာ ဆန္ဒပြနေပြီ၊ သူတို့ရဲ့ အခက်အခဲတွေလည်း ဖြစ်လာနေပြီ၊ ဒါကြောင့်မို့လို့ တိုင်းဒေသကြီးအစိုးရ ဒီလွှတ်တော်ကနေတဆင့် အစိုးရကို တင်ပေးဖို့ ဒီလွှတ်တော်ဥက္ကဋ္ဌကြီးကို တင်ပါတယ်။ ဒါပေမယ့် လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ အခုချိန်ထိ အဆိုကို မတင်ပါနဲ့ဆိုလို့ မေးခွန်းအနေနဲ့ တင်ပါတယ်။ အဲတော့ မေးခွန်းကိုလည်း ဆွေးနွေးခွင့်မရဘူး။ အဆိုကိုလည်း ဆွေးနွေးခွင့်မရဘူး။ ဒါဆိုလို့ရှိရင် ပြည်သူတွေရဲ့ဆန္ဒကို လွှတ်တော်ကိုယ်စားလှယ်က ဖြည့်ဆည်းပေးတာ မဟုတ်ဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မှာ ဆွေးနွေးနိုင်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် လွှတ်တော်က ခွင့်မပြုဘူး။ အဲဒီလိုပဲ တိုင်းဒေသကြီးအစိုးရ အနေနဲ့လည်း ပြည်သူတွေက တောင်းဆိုနေတာကို သိပါလျက်နဲ့ လိုက်လျောမှုမရှိဘူးပေါ့။ ဒါဆိုလို့ရှိရင် ကျမတို့လွှတ်တော်က ဟန်ပြလွှတ်တော်ပုံစံ ဖြစ်သွားတယ်။"
“ဆိုလိုတာက ကျမတို့က ၁၀၀ ရာခိုင်နှုန်း လိုက်နာဆောင်ရွက်ပေးရမှာတော့ မဟုတ်ဘူး။ ပြည်သူတွေမှာ အခက်အခဲဖြစ်လာပြီဆိုရင်တော့ ပြည်သူက ရွေးချယ်ထားတဲ့အစိုးရ၊ ပြည်သူက ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တဲ့အတွက် ပြည်သူ့ရဲ့အသံကိုတော့ နည်းနည်းနားထောင်သင့်တယ်လို့ ကျမက ဒီနေရာကနေ ဆွေးနွေးချင်တာပါ။ ဒါဆိုလို့ရှိရင် ကျမတို့ တိုင်းဒေသကြီးအစိုးရအနေနဲ့လည်း၊ တိုင်းဒေသကြီးလွှတ်တော် အနေနဲ့လည်း ဟန်ပြလွှတ်တော်ဆိုတာ မဖြစ်တော့ဘူးပေါ့။”
ဒီ အများပြည်သူစီမံချက်နဲ့ ပတ်သက်တဲ့ကိစ္စတွေ လုပ်မယ်ဆိုလို့ရှိရင် ဒါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဒီလွှတ်တော်ကို တင်ရတယ်လို့ ပြောထားတယ်။ အမကိုယ်တိုင်ကလည်း ရန်ကုန်တိုင်းမှာ လွတ်တော်ကို မတင်ဘူးလို့ ပြောထားတာရှိတယ်။ ဒါတွေက ဘာကြောင့် အဲဒီလိုဖြစ်နေရတာလဲ။
“ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ ကျမ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီရဲ့ တာဝန်ဝတ္တရားအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လုပ်ဆောင်တဲ့ စီမံကိန်းတွေဆိုရင် အများပြည်သူနဲ့သက်ဆိုင်တဲ့ စီမံကိန်းတွေဖြစ်တယ်။ နိုင်ငံတော် ဘတ်ဂျက်ကိုလည်း သုံးသည်ဖြစ်စေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ကို သုံးသည်ဖြစ်စေ၊ ပြည်ထောင်စုအစိုးရက ချပေးတဲ့ ဘတ်ဂျက်သုံးသည်ဖြစ်စေ၊ တခြားနိုင်ငံမှ ထောက်ပံ့သော၊ ချေးသောငွေတွေကို သုံးစွဲသည်ဖြစ်စေ ဒီသုံးစွဲမှုတွေနဲ့ ပတ်သက်တယ်ဆိုရင် ကျမတို့က သုံးစွဲမယ်ဆိုရင် တိုင်းဒေသကြီးရဲ့လွှတ်တော်မှာ ကျမတို့အနေနဲ့ ဆွေးနွေးပိုင်ခွင့်ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၂၅၁ မှာလည်း ပြဋ္ဌာန်းထားတာ ရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ တိုင်းဒေသကြီးအစိုးရက စီမံဆောင်ရွက်မယ့် ကိစ္စများသည် အများပြည်သူနဲ့ သက်ဆိုင်မယ်ဆိုလို့ရှိရင် လွှတ်တော်ကို တင်ပြပြီး ဆွေးနွေးပါ၊ လွှတ်တော်ရဲ့ သဘောတူညီချက် ရရှိမှသာလျှင် အကောင်အထည်ဖော် ဆောင်ရွက်ပါဆိုတာ နိုင်ငံတော် အတိုင်ပင်ခံကလည်း ပြောထားတာရှိသလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပြဋ္ဌာန်းထားတာရှိတယ်။ အဲလိုပါပဲ တိုင်းနဲ့ပြည်နယ်လွှတ်တော် ဥပဒေတွေမှာလည်း ပြဋ္ဌာန်းထားတာ ရှိပါတယ်။”
“ဒါတွေကို ကျမတို့အနေနဲ့၊ တိုင်းဒေသကြီးအစိုးရအနေနဲ့ လိုက်နာဆောင်ရွက်နိုင်အောင် ကျမတို့က ခဏခဏ ပြောရပါတယ်။ ပြောပေမယ့်လည်း တင်ချင်တဲ့ကိစ္စမျိုးတွေကိုသာ တင်တယ်။ မတင်ချင်တဲ့ စီမံကိန်းတွေဆိုရင် ကျမတို့ကို တင်ပြပြီးတော့ ဆွေးနွေးပိုင်ခွင့်တောင်မရှိဘူး။ အဲတော့ လွှတ်တော်ရဲ့အပိုင်းက ဘာလဲဆိုရင် စီမံကိန်းကို ကျမတို့ ဆွေးနွေးရတာပါ။ ဒါကြောင့်မို့လို့ စီမံကိန်းကို ဖော်ဆောင်မယ့်၊ ရင်နှီးမြှုပ်နှံမယ့်လူကို ဆွေးနွေးရတဲ့အပိုင်း မဟုတ်ပါဘူး။ ကျမတို့က စီမံကိန်းဟာ နိုင်ငံတော်အတွက် အကျိုးရှိသလား၊ မရှိဘူးလား၊ ပြည်သူတွေအတွက် အကျိုးရှိသလား၊ မရှိဘူးလားဆိုတဲ့ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိသလား၊ မရှိဘူးလားဆိုတဲ့ feasibility ကို ကျမတို့အနေနဲ့ ဆွေးနွေးရတာပါ။ အနောက်က ရင်းနှီးမြှုပ်နှံမယ့်လူတွေရဲ့ အကြောင်းအရာတွေကို မလိုအပ်ဘဲနဲ့ ကျမတို့ ဆွေးနွေးလေ့မရှိပါဘူး။ အဲတော့ စီမံကိန်းဆိုတဲ့ဟာကတော့ လွှတ်တော်မှာ ဆွေးနွေးရမယ် ဆိုတာကတော့ လွှတ်တော်ကို ဖွဲ့စည်းထားကတည်းကိုက နိုင်ငံတော်ရဲ့ ဒီစီမံကိန်းတွေကို ဆွေးနွေးဖို့ဆိုတဲ့ တာဝန်ဝတ္တရားတခုက လွှတ်တော်ကို ဖွဲ့စည်းထားတဲ့ အခန်ကဏ္ဍမှာလည်း တထောင့်တနေရာက ပါဝင်ပြီးသားပါ။ ဒါဟာ ဒီလိုမျိုးဖြစ်တဲ့အတွက် ကျမတို့တွေဟာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ စီမံကိန်းတွေဆိုရင် လွှတ်တော်ကို တင်ပေးပါလို့ ကျမတို့က ပြောခြင်းဖြစ်ပါတယ်။”
အများပြည်သူနဲ့သက်ဆိုင်တဲ့ စီမံကိန်းတွေကို တိုင်းဒေသကြီးအစိုးရက လွှတ်တော်ကို ကျော်ပြီးတော့ တိုက်ရိုက်လုပ်ပိုင်ခွင့် ဘာဖြစ်လို့မရှိတာလဲ။ ဘာကြောင့်လွှတ်တော်ကို အရင်တင်ရတာလဲခင်ဗျာ။
“ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာကတည်းကိုက ပြဋ္ဌာန်းထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၁ မှာကိုက စီမံကိန်းတခုကို ဆောင်ရွက်မယ်ဆိုရင် တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက်ကို ယူပါ။ ခွင့်ပြုချက်ကိုယူပြီးတော့ လွှတ်တော်က ခွင့်ပြုမယ်ဆိုရင်မှ တိုင်းဒေသကြီးအစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲတော့ အဓိကကတော့ ပထမဦးဆုံး ဘာလုပ်ရမလဲဆိုရင် တိုင်းဒေသကြီးအစိုးရက စီမံကိန်းတခုကို ဆောင်ရွက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ တိုင်းဒေသကြီးအစိုးရက ချမှတ်ရတာပါ။ ဒီစီမံကိန်းကို ဆောင်ရွက်မယ်လို့ ချမှတ်ပြီးပြီဆိုရင် FS လို့ခေါ်တဲ့ feasibility ရှိမရှိကို သူတို့အနေနဲ့ အပြင်မှာ ပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။ ဒီစီမံကိန်းတွေဟာ နိုင်ငံတော်အတွက်လည်း အကျိုးရှိတယ်၊ အများပြည်သူတွေအတွက်လည်း အကျိုးရှိတယ်၊ စီးပွားရေးအရလည်း တွက်ခြေကိုက်မှု ရှိတယ်ဆိုရင် လုပ်မယ်လို့ ဆုံးဖြတ်မယ်ဆိုရင် FS လုပ်ပြီးပြီဆိုတာနဲ့ ဒီစီမံကိန်းတွေကို လွှတ်တော်ကို တင်ပြဆွေးနွေးရပါမယ်။”
“အဲတော့ မြို့နယ်အသီးသီးမှာရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကလည်း ကိုယ့်ရဲ့မြို့နယ်ပေါ်မှာ လာပြီးလုပ်မယ့် စီမံကိန်းတွေအပေါ်မှာ ဆွေးနွေးပိုင်ခွင့်ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ အရရော၊ ပြည်နယ် တိုင်းဒေသကြီး လွှတ်တော်ရဲ့ ဥပဒေအရကော လွှတ်တော်ကိုယ်စားလှယ်တွေက ဒီစီမံကိန်းသည် ဒီမြို့နယ်မှာ လာလုပ်တယ်ဆိုလို့ရှိရင် အများပြည်သူအတွက် အကျိုးရှိမရှိ ဆိုတဲ့ဟာအပေါ်ကို လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဆွေးနွေးပိုင်ခွင့်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးပြီးပြီဆိုတော့မှ နောက်တဆင့် လွှတ်တော်ကနေပြီး ဒီစီမံကိန်း ခွင့်ပြုချက်ပေးလိုက်မယ်။ ခွင့်ပြုချက်မပေးဘူးဆိုရင် ဒီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လို့ မရပါဘူး။ လွှတ်တော်က ဒီစီမံကိန်းကို ထောက်ခံပါတယ်၊ ခွင့်ပြုချက်တွေ ပေးလိုက်ပြီဆိုရင်တော့ ဒီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မယ့်၊ ရင်းနှီးမြှုပ်နှံမယ့်လူကို ရှာရတာဖြစ်ပါတယ်။”
“ဒါပေမယ့် အခုလက်တွေ့မှာဆိုရင်တော့ တကယ်တမ်း မြေပြင်မှာ ဘယ်လိုဖြစ်နေလဲဆိုတော့ စီမံကိန်းတွေဟာ ပြောင်းပြန်ဖြစ်နေတယ်။ အခုန ကျမပြောတဲ့ဟာက စီနီယာအလိုက် ဒီတိုင်းသွားရတာမျိုးဖြစ်ပေမယ့် အခု လက်တွေ့မှာ တကယ်တမ်းဖြစ်နေတာက တချို့တွေက proposal လာတင်ပြီးတော့ project တွေကို ပွဲစားလာလုပ်တဲ့ ပွဲစားတွေလည်း ရှိတယ်။ တကယ်တမ်း ရင်းနှီးမြှုပ်နှံမယ့်လူမဟုတ်ဘူး။ ကြားထဲကနေပြီးတော့မှ တိုင်းဒေသကြီးအစိုးရနဲ့ ပိုင်လို့ဆိုပြီးတော့၊ လူကြီးတွေနဲ့ ပိုင်လို့ဆိုပြီးတော့ စီမံကိန်းတွေ လာတောင်းတယ်။ ပြီးရင် အကောင်အထည်ဖော် လုပ်မယ့်လူတွေက၊ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မယ့်လူတွေက တဦးတယောက်ဖြစ်နေတယ်။ အဲတော့ ဒါမျိုးတွေ ရှိနေတဲ့ အခြေအနေတွေလည်း ရှိတယ်။”
“ဒါမှမဟုတ်ရင် တိုင်းဒေသကြီးအစိုးရကို ပုဂ္ဂလိကကော တင်လို့မရဘူးလား။ တင်ခွင့်ရှိပါတယ်။ ပုဂ္ဂလိကက လာတင်ပြလို့ ဒီစီမံကိန်းကြီးဟာ ဒီတိုင်းဒေသကြီးအစိုးရအနေနဲ့ ဒီလိုစီမံကိန်းကို လုပ်သင့်မလုပ်သင့်ဆိုတာကို သူတို့အနေနဲ့ နားထောင်ပြီးပြီဆိုလို့ရှိရင်တော့ သူတို့ အခုနလို ပညာရှင်တွေနဲ့ ပြန်တိုင်ပင်ပြီးတော့ အခုန ကျမပြောတဲ့ အဆင့်အတိုင်း ပြန်သွားတယ်ဆိုရင် ဒါဟာ မှန်ကန်တဲ့အဆင့် ဖြစ်ပါတယ်။”
“အဲဒီလိုမဟုတ်ဘဲနဲ့ အခုကျတော့ water taxi လိုမျိုးဟာပေါ့၊ ဒါမျိုးတွေဆိုရင် တင်ဒါတွေလည်းခေါ်ပြီးပြီ၊ တိုင်းဒေသကြီးလွှတ်တော်ကို လုံးဝမတင်ဘူး။ လွှတ်တော်ကလည်း ဆွေးနွေးပိုင်ခွင့်မရှိဘူး။ လွှတ်တော်က ဆွေးနွေးချင်လို့ အကြိမ်ကြိမ်တင်ထားတယ်။ ဒါပေမယ့် လွှတ်တော်ကို လုံးဝမတင်ဘူး။ မတင်ဘဲနဲ့ အပြင်မှာ Tender တွေခေါ်လိုက်တယ်။ ရင်းနှီးမြှုပ်နှံမယ့်လူတွေကို ခေါ်တယ်။ ရင်နှီးမြှုပ်နှံမယ့်လူတွေက အပြင်မှာ သတင်းစာရှင်းလင်းပွဲတွေ လုပ်တယ်။ ဆိုတဲ့အခါကျတော့ ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဒီလိုစီမံကိန်းတွေ ဘယ်လိုလုပ်မလဲဆိုတာ ဘာတခုမှ မသိတဲ့အခါကျတော့ ကျမတို့ကို သက်ဆိုင်ရာမြို့နယ်တွေကနေ ပြည်သူလူထုက မေးလာတဲ့အခါကျတော့ ကျမတို့က ပါးစပ်အဟောင်းသားလေးတွေနဲ့ ဖြစ်ပြီးတော့ ဟ ကျမတို့ကတော့ တင်ပြဖို့၊ ဆွေးနွေးဖို့ တင်ပြထားတာရှိပါတယ်။ ဒါပေမယ့် ကျမတို့က တကယ်တမ်း အချက်အလက်တွေအားလုံးကို မသိရဘူးဆိုတဲ့အခါမှ ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဆင့်အတန်းက ဟိုး ဘယ်အဆင့်အတန်းကို ရောက်သွားပြီလဲဆိုတာ ကျမတို့ စိတ်မကောင်းဖြစ်ရပါတယ်။”
“ဒါကြောင့်မို့လို့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အများပြည်သူနဲ့သက်ဆိုင်တဲ့ ကိုယ့်တိုင်းဒေသကြီး အစိုးရအတွင်းမှာ လုပ်ဆောင်မယ့် ဒီစီမံကိန်းတွေကို သိရှိခွင့်၊ ဆွေးနွေးခွင့် ရှိပါတယ်။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်အားလုံးဟာ သေချာတာကတော့ ဒီစီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်မယ့် ရင်းနှီးမြှုပ်နှံမှုလုပ်မယ့်လူတွေကို ရွေးချယ်တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေ မဟုတ်ပါဘူး။ သူတို့တွေနဲ့လည်း ပတ်သက်ဆက်စပ်မှု မရှိပါဘူး။ ဒီရင်းနှီးမြှုပ်နှံမှုလုပ်မယ့်လူတွေကို ရွေးချယ်တာဟာ တိုင်းဒေသကြီးအစိုးရပဲ ရွေးချယ်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တိုင်းဒေသကြီး အစိုးရဘက်ကနေ တခါတလေ ပြောတာရှိပါတယ်။ သတင်းတွေ ပေါက်ကြားတယ်။ ဒါကြောင့်မို့လို့ သူတို့အနေနဲ့ မတင်ပြဘူးဆိုတဲ့ဟာမျိုးကို ကျမတို့က ငြင်းချက်ထုတ်ချင်ပါတယ်။”
“ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ လွှတ်တော်ရဲ့ တာဝန်ဝတ္တရား၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ဝတ္တရားဟာ ရင်းနှီးမြှုပ်နှံမယ့်လူတွေနဲ့ ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းကိုသာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်ဝတ္တရား၊ လွှတ်တော်ရဲ့ ဝတ္တရားကတော့ ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းတွေကိုပဲ ဆွေးနွေးတာပါ။ ရင်းနှီးလာမယ့် ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကျမတို့ ရွေးချယ်တာမဟုတ်ဘူး။ ရင်းနှီးမြှုပ်နှံသူတွေကို ရွေးချယ်တာကလည်း အစိုးရဘက်ကပဲ ရွေးချယ်တာပါ။ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဆက်ဆံတယ်ဆိုတာကလည်း တိုင်းဒေသကြီး အစိုးရဘက်ကပဲ ဆက်ဆံတာပါ။ ဒီလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဘာမှမသက်ဆိုင်ဘူး။”
“ဒါကြောင့်မို့လို့ သတင်းပေါက်ကြားသည်ဖြစ်စေ၊ မပေါက်ကြားသည်ဖြစ်စေ ဒါဟာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေအတွက်ကော၊ တိုင်းဒေသကြီး အစိုးရအတွက်ကော ဘာမှပြဿနာရှိတဲ့ ကိစ္စမဟုတ်ဘူး။ အခုလိုခေတ်မှာ ပွင့်လင်းမြင်သာမှု ရှိစွာနဲ့ ကျမတို့ စီမံကိန်းတွေ ဆောင်ရွက်မယ်ဆိုရင် လွှတ်တော်ကို တင်ပြမယ်၊ လွှတ်တော်ကို ဆွေးနွေးမယ်။ ပြည်သူတွေကို ချပြမယ်။ ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်လုပ်မယ်။ ရင်းနှီးမြှုပ်နှံမယ့်လူတွေဟာ ဘယ်သူတွေပါဆိုတာ ပြောရမယ့်ခေတ် ဖြစ်နေပါပြီ။ ဒီလိုခေတ် ဖြစ်အောင်လည်း ပြည်သူလူထုက ရွေးချယ်ခဲ့တာပါ။ ဒါတွေအားလုံးကိုလည်း လိုက်နာပါမယ်ဆိုပြီးတော့ ကျမတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူတွေကို ကတိပေးထားတာပါ။ ဒါကြောင့်မို့လို့လည်း ကျမတို့တွေက တိုင်းဒေသကြီးအစိုးရရဲ့ လွှတ်တော်မှာ ဒီလိုမျိုး အတိုက်အခံနဲ့ ဆွေးနွေးနေရခြင်း ဖြစ်ပါတယ်။”
သတင်းမီဒီယာထဲမှာ တက်နေတာလည်း ရှိပါတယ်။ ဒီ ရန်ကုန်တိုင်းမှာ ပန်းခြံငှားရမ်းခ အရှုပ်တော်ပုံကြောင့် နိုင်ငံတော်ဟာ သန်းပေါင်းသောင်းချီပြီးတော့ နစ်နာနေရတယ်ဆိုပြီးတော့ ဖော်ပြထားတာ ရှိပါတယ်။ အဲဒီစီမံကိန်းတွေက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို မတင်ခဲ့လို့ နောက်ဆက်တွဲအကျိုးတွေလို့ ပြောရင်ရမလားခင်ဗျာ။
“မတင်ခဲ့လို့ဆိုတာထက် တချို့ဟာတွေကတော့ မြကျွန်းသာလို စီမံကိန်းမျိုးဆိုလို့ရှိရင် ပြီးခဲ့တဲ့အစိုးရလက်ထက်မှာကတည်းကိုက လွှတ်တော်ကိုယ်စားလှယ်တွေက ရန်ကုန်တိုင်းဒေသကြီးရဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးထားတာတွေ ရှိပါတယ်။ တချို့ဟာတွေက စီမံကိန်းတွေ မတင်တာတွေလည်း ဖြစ်ကောင်းဖြစ်လာပါမယ်။ အဲတော့ ဒီနှစ်စီမံကိန်းကို မတင်ရသော အကျိုးကျေးဇူး၊ နောက်တခု စီမံကိန်းကိုတော့ လွှတ်တော်ထဲမှာ ဆွေးနွေးကြတယ်။ အမှန်အဖြေမရရှိတဲ့ အကျိုးကျေးဇူးတွေဟာ ဥပမာအားဖြင့် ကျမ ပြောရမယ်ဆိုလို့ရှိရင် မြကျွန်းသာလို စီမံကိန်းတွေပေါ့။ ပြီးခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော်ထဲမှာ ဆွေးနွေးတယ်။ လွှတ်တော်ကိုယ်စားလှယ်တဦးကလည်း ဒီအဆောက်အဦတွေဟာ ရေထဲကို ထိုးထွက်နေတာမျိုးတွေ ရှိတယ်။ ဒါကြောင့်မို့ စည်ပင်သာယာအနေနဲ့ ပြန်လည်စိစစ်ပေးပါဆိုပြီးတော့ သူတို့အနေနဲ့ အကြိမ်ကြိမ်ဆွေးနွေးတာတွေ ရှိပါတယ်။ ဒီအများပြည်သူပိုင်နေရာတွေမှာ၊ အများပြည်သူရဲ့ ပန်းခြံတွေမှာ စီးပွားဖြစ်လုပ်ငန်းကြီးတွေ လုပ်ဆောင်နေတာကိုလည်း သူတို့ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက မှန်ကန်တဲ့အဖြေကို မရရှိခဲ့ဘူး။"
"ဒါတွေဟာ အခုခေတ်ကျတော့ ကျမအနေနဲ့လည်း လွှတ်တော်မှာ ပြန်လည်တင်ပြတယ်။ အခုကျတော့ ဘာဖြစ်လာလဲဆိုတော့ အခုန မြကျွန်းသာလိုဟာမျိုးဆိုလို့ရှိရင် ရေထဲမှာ တကယ်တည်ဆောက်ထားတယ်ဆိုတဲ့ဟာကို ကျမတို့ လက်တွေ့နဲ့ တကယ်ကို အချက်အလက်တိတိကျကျနဲ့ ပြောတယ်။ ကျမတို့အစိုးရက ရွေးချယ်ထားတဲ့ မြို့တော်ဝန်ကြီး ဆိုရင်လည်း မှန်ပါတယ်ဆိုပြီး ကျမတို့ကို ဖြေခဲ့တာတွေရှိပါတယ်။ အဲဒီအတွက်လည်း ပြန်လည်ပြင်ဆင်မယ်။ အဲဒီအတွက်ကို Master Plan ရေးဆွဲနေတယ် ဆိုတဲ့ဟာမျိုးတွေကို ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက တင်ခဲ့တာတွေလည်း ရှိကောင်းရှိတယ်။ မတင်ခဲ့တာတွေလည်း ရှိကောင်းရှိမယ်။ ဒါပေမယ့် အဲဒီလို စီမံကိန်းတွေ၊ အဲဒီလိုငှားရမ်းတဲ့ ကိစ္စမျိုးတွေဟာ မတင်ခဲ့တဲ့ အကျိုးဆက်တွေဟာ ဒီနေ့ ငှားရမ်းခနှုန်းတွေ အရမ်းနည်းပါးတယ် ဆိုတဲ့ဟာကို စာရင်းစစ်ချုပ်ကနေပြီး စစ်ဆေးတာကို တွေ့ရှိခဲ့ရတယ်။"
"ဒါပေမယ့် အခုချိန်မှာ ဒါတွေအားလုံးကို ချက်ချင်းပြင်ဆိုတဲ့ဟာကိုတော့ ပြင်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုငှားရမ်းတယ်ဆိုတဲ့ဟာက စာချုပ်စာတမ်းနဲ့ နှစ်အကန့်အသတ်ရှိတာ ဖြစ်တဲ့အတွက် ကျမတို့ တိုင်းဒေသကြီးအစိုးရအနေနဲ့ နစ်နာခဲ့သည်ရှိသော်ငြားလည်း ဒီစာချုပ်သက်တမ်းပြည့်အောင် ကျမတို့ စောင့်ရမှာမျိုးတွေ ရှိတဲ့အတွက် စာချုပ်ရဲ့ ပဋိညာဉ်အရ ကျမတို့ စောင့်ဆိုင်းရမယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့အစိုးရလက်ထက်က လုပ်ခဲ့တယ်၊ ဒါပေမယ့် ဒီအစိုးရလက်ထဲကျ ဖျက်တယ်ဆိုတဲ့ဟာမျိုး နောင်မှာ ဒီလိုမျိုးရာဇဝင်တွေ မဖြစ်ပေါ်လာအောင် အခု ကျမတို့ စစ်ဆေးတွေ့ရှိချက်အရ ဒီ ငှားရမ်းခတွေအားလုံးက တအားနည်းတယ်။ တိုင်းဒေသကြီးအစိုးရဘက်က နစ်နာခဲ့တယ်ဆိုတဲ့ဟာတွေ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံအရ ကျမတို့ အများကြီးတွေ့ရတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြတာမျိုးတွေ ရှိတယ်။ ဒါတွေအားလုံးဟာ လွှတ်တော်ကိုတင်ပြပြီးတော့ ပွင့်ပွင့်လင်းလင်း မဆွေးနွေးခဲ့တဲ့ အကျိုးရလဒ်တွေ ဖြစ်တယ်။”
“ဒါ့ကြောင့်မို့လို့ ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးဟာ အခုလိုမျိုး စီမံကိန်းတွေကို မဆွေးနွေးရခြင်း၊ ပြီးတော့ နိုင်ငံတော်ကနေပြီးတော့ တိုင်းဒေသကြီး အစိုးရအနေနဲ့ ငှားရမ်းမယ်ဆိုတဲ့ ကိစ္စမျိုးတွေကို လွှတ်တော်ကို မတင်ပြခြင်းသည် နောင်လာမယ့် သက်တမ်းတွေမှာ ဆိုးကျိုးတွေ သက်ရောက်နိုင်တယ်။ ဒါကြောင့်မို့ နောင်လာမယ့်သက်တမ်းရဲ့ အစိုးရတွေမှာ အခက်အခဲတွေ မရှိရလေအောင် အခုသက်တမ်းကတည်းကကို ကောင်းမွန်တဲ့ အစဉ်အလာ၊ ကောင်းမွန်တဲ့ အကျင့်တွေနဲ့ Procedure ကျကျလေး လွှတ်တော်ကိုတင်မယ်၊ ဆွေးနွေးသွားမယ်ဆိုရင် ပြည်သူတွေကလည်း သဘောကျပါလိမ့်မယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရအဖြစ်နဲ့လည်း သတ်မှတ်သွားမှာ ဖြစ်ပါတယ်။”
နှစ်စဉ်နှစ်တိုင်း မိုးကြီးရင် ရေမြုပ်တဲ့ အနေအထားရှိတော့လေ ဒီနှစ် အစိုးရသစ်လက်ထဲမှာ ကမ္ဘာ့ဘဏ်က ဒီရေကြီးရေလျှံမှုတွေ ဖြေရှင်းဖို့ဆိုပြီးတော့ အမေရိကန်ဒေါ်လာ ၁၂၅ သန်း ချပေးထားတယ်လို့ သိရပါတယ်။ ဒီကိစ္စကိုကော လွှတ်တော်ကနေ ဘယ်လိုဆက်လက်ပြီး ဆောင်ရွက်ပေးသွားဖို့ စီစဉ်ထားတာ ရှိပါသလဲ။
“ဟုတ်ကဲ့။ ဒီဟာကတော့ ပြည်ထောင်စုအဆင့်ကနေပြီးတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရကို သုံးဖို့ ချပေးလိုက်တာဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ချေးငွေ ၁၂၄ သန်း၊ အမေရိကန်ဒေါ်လာ ၁၂၄ သန်း၊ ထောက်ပံ့ငွေက တသန်း စုစုပေါင်း ၁၂၅ သန်းမှာ ဒီငွေတွေကို ဘယ်လိုနေရာတွေမှာ သုံးမလဲဆိုတော့ ကျမတို့ရဲ့လွှတ်တော်ကိုတော့ တင်ပြလာခြင်း မရှိပါဘူး။ ဒါပေမယ့် လာမယ့်လွှတ်တော်မှာတော့ တင်ပြလာမယ်လို့ ကျမမျှော်လင့်ပါတယ်။ အဲဒါဘာလဲဆိုတော့ မြို့တော်ဝန်ရဲ့ ပြောကြားချက်အရက ရန်ကုန်မြို့ရဲ့ ရေကြီးရေလျှံမှုအတွက်ကို အမေရိကန်ဒေါ်လာ ၇၇ သန်း သုံးပါမယ်။ နောက်တခုက အဆောက်အအုံများ ဘေးကင်းလုံခြုံရေးအတွက်ကိုတော့ ၂၂ သန်းသုံးပါမယ်။ နောက် အသိပညာပေးရေးအတွက် ရေကြီးရေလျှံမှု မဖြစ်ပွားအောင် အသိပညာပေးရေး အတွက်ကိုတော့ ၅ သန်းသုံးပြီးတော့ အခြားကဏ္ဍတွေအတွက်ကိုတော့ ၂၁ သန်း သုံးဖို့ရှိပါတယ်။”
“ဒါပေမယ့် ကျမပြောတာက မြို့တွင်း ၆ မြို့နယ်မှာ ကျမတို့ ဒီနှစ်အတွက်ကိုတော့ ဝန်ကြီးချုပ်က ကျမတို့ လွှတ်တော်ကိုယ်စားလှယ်အားလုံးကို သတင်းပေးထားတာက ရေကြီးရေလျှံမှု မဖြစ်အောင်ကို အဓိကထားပြီးတော့ မြောင်းတွေ ဖောက်လုပ်တဲ့ဟာ၊ မြောင်းတွေ ဆယ်ယူရေးလုပ်ငန်းနဲ့ ပလက်ဖောင်းတွေ တိုးချဲ့တဲ့လုပ်ငန်းကို အဓိကထားပြီး လုပ်ဆောင်မယ်လို့ ပြောထားတာ ရှိပါတယ်။ အဲတော့ မြောင်းတွေဖောက်ရုံနဲ့တော့ အမေရိကန်ဒေါ်လာ ၇၇ သန်း သုံးဖို့မဟုတ်ပါဘူး။ ရေကြီးရေလျှံမှု အဓိကဖြစ်စေတဲ့ မြောင်းတွေကို အသစ်ဖောက်လုပ်မယ်။ မြောင်း system တွေ ကောင်းလား မကောင်းလားဆိုတာ ပြန်လည်ပြုပြင်တာမျိုးတွေ၊ ရေထိန်းတံခါးတွေ ပြုပြင်တာမျိုးတွေ ရေစုကန်တွေ ပြန်လည်တည်ဆောက်တဲ့ ကိစ္စမျိုးတွေကိုတော့ ဆောင်ရွက်မယ်လို့ မြို့တော်ဝန်က ပြောသွားတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် ဒီလိုငွေတွေအားလုံးကို စစ်ဆေးဖို့က ကျမတို့လွှတ်တော်မှာ ပြည်သူ့ငွေစာရင်းကော်မတီ ဆိုတာလည်း ရှိပါတယ်။ ကျမတို့ရဲ့ စီမံကိန်းကော်မတီလည်း ရှိပါတယ်။ ဒီကော်မတီနှစ်ခုကနေ ပူးပေါင်းပြီးတော့ ဒီငွေတွေကို ဘယ်နေရာတွေမှာ ဘယ်လောက်သုံးစွဲသွားမယ် ဆိုတဲ့ဟာကိုတော့ လာမယ့်လွှတ်တော်မှာ မြို့တော်ဝန်ကြီးကို ကျမတို့ တင်ပြဆွေးနွေးသွားမယ်လို့တော့ စီစဉ်ထားတာရှိပါတယ်။”
ရန်ကုန်မှာ ရေကြီးရေလျှံဖြစ်တဲ့အခါမှာ ပြည်သူတွေ သွားရေးလာရေး အဆင်ပြေဖို့ဆိုပြီးတော့ အရင်အစိုးရလက်ထက်ကလည်း သုံးခဲ့တာရှိတယ်။ ဒီအစိုးရသစ်တက်လာတော့လည်း အရင်နှစ်ကဆိုရင် စည်ပင်အတွက်ချပြီးတော့ မြောက်မြားစွာ လုံလောက်အောင် သုံးခဲ့တာရှိတယ်။ အဲဒါတွေက ပြီးခဲ့တဲ့ရက်ပိုင်းက မိုးရွာတော့ အဆင်ပြေမှုတွေ မရှိခဲ့ဘူး။ အရင်အတိုင်းပဲ ရေကြီးရေလျှံမှုတွေ ရှိနေတာပဲ။ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပေးလို့ရမလဲ။
“ကျမတို့ ၂၀၁၆-၁၇ ရဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ဘတ်ဂျက်၊ YCDC ရဲ့ ဘတ်ဂျက်တွေမှာဆိုရင် ၁ ဘီလီယံကို ကျမတို့ ဖယ်ထားပြီးတော့ ဒီမြောင်းတွေ ၂၀၁၇ ခုနှစ်မှာ ရေကြီးရေလျှံမှု မိုးတွင်းကာလမှာ မဖြစ်အောင်ဆိုပြီးတော့ ၁ ဘီလီယံ ကျမတို့ ဖယ်ထားပါတယ်။ သီးသန့်ဖယ်ပြီးတော့ ဒီမြောင်းတွေကိုတောင် ကန်ထရိုက်စနစ်နဲ့ ရှိသမျှသော မြို့နယ်တွေအကုန်လုံး ၃၃ မြို့နယ်ရဲ့ အကုန်လုံး ဒီမြောင်းကြီးတွေအကုန်လုံး ကန်ထရိုက်ပေးပြီးတော့ ဖယ်ရှားထားတာတွေ ရှိပါတယ်။ ဒါပေမယ့်လည်း ဒီမြောင်းကြီးတွေကို ၁ ဘီလီယံဆိုတာ နည်းတဲ့ပိုက်ဆံလည်း မဟုတ်ပါဘူး။ ၁ ဘီလီယံလောက် သုံးထားနိုင်ပေမယ့် ဒီနှစ်လည်းကျတော့ ဒီမြောင်းတွေမှာ ကျမတို့ ကန်ထရိုက်ပေးပြီးတော့ မြောင်းတွေကို စနစ်တကျ ဖော်ခဲ့တယ်။ ဖော်ခဲ့ပေမယ့်လည်း ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်မှု အားနည်းတာမျိုးတွေ တွေ့ရတယ်။ ဒါ့ကြောင့်မို့ ပြည်သူလူထုက အမှိုက်တွေ ဆက်ချတယ်။ နောက် တချို့နေရာတွေမှာ မြောင်းတွေကို ပိတ်ပြီးတော့ အိမ်တွေဆောက်တဲ့ဟာတွေကလည်း ဆက်ရှိတယ်။ ဒါမျိုးတွေကြောင့်မို့ ၁ ဘီလီယံက ပလုံသွားတယ်လို့ ပြောလို့ရတာပေါ့နော်။ ဆုံးရှုံးသွားရတယ်။"
"အခုဆိုလို့ရှိရင် ကမ္ဘာ့ဘဏ်ကချေးတဲ့ အမေရိကန်ဒေါ်လာ ၇၇ သန်းဆိုတာ တော်တော်ကြီးကိုများတဲ့ပိုက်ဆံ ဖြစ်ပါတယ်။ ဒီပိုက်ဆံကို ဒီနှစ်ရဲ့ ၂၀၁၇-၁၈ မှာ စပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်တော့မယ်ဆိုရင်လည်း ပြည်သူလူထုကနေပြီးတော့ ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်ပေးနိုင်တယ်ဆိုရင်တော့ နောင်နှစ်နောင်နှစ်တွေမှာ ရေကြီးရေလျှံမှုတွေကို ကာကွယ်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒီရေကြီးရေလျှံမှုဟာ မြောင်းထဲကို အမှိုက်ချတာ တခုတည်းကြောင့်ပဲ ရေကြီးတယ်လို့တော့ ကျမတို့ ပြောလို့မရပါဘူး။”
“နဂိုမြောင်းတွေတော့ ရှိပါတယ်။ မြောင်းစနစ်တွေက မမှန်ကန်တာမျိုးတွေ၊ ရေစုကန်တွေ မရှိတာမျိုးတွေ ရန်ကုန်မြို့ကြီးရဲ့ မြစ်ထွက်ပေါက်ကိုပေါ့နော် ရေထွက်တဲ့အပေါက် ၃၆ ပေါက်ရှိပါတယ်။ ဒီအပေါက်တွေမှာရှိတဲ့ ရေထိန်းတံခါးတွေရဲ့ မကောင်းတဲ့စနစ်တွေ ဖြစ်နေတာပေါ့။ ရေထိန်းတံခါးတွေမှာ အမှိုက်တွေ သွားစုနေတာမျိုးတွေ ဆိုတဲ့ဟာတွေ အားလုံးကို ဒီနှစ်ရဲ့ ကမ္ဘာ့ဘဏ်ရဲ့ချေးငွေနဲ့ အားလုံးပြင်ဆင်ဖို့ အစီစဉ်တွေရှိတယ်လို့ ကျမတို့ သိထားရပါတယ်။ ဒါတွေအားလုံးကို ပြည်သူလူထုအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပေးမယ်ဆိုရင်တော့ ကျမတို့ နောင်နှစ်တွေအတွက် ရေကြီးရေလျှံမှုတွေ လျော့နည်းသွားမယ်လို့ ထင်ပါတယ်။ အဲတော့ အစိုးရဘက်၊ လွှတ်တော်ဘက်အနေနဲ့လည်း ပြည်သူလူထုအတွက် အဲဒီလောက်ကို ငွေကုန်ကြေးကျခံတယ်။ အပင်ပန်းဆင်းရဲခံတယ်။ ခံပြီးတော့ကို လုပ်အားတွေနဲ့ကော၊ ငွေအား လုပ်အားနဲ့ ဆောင်ရွက်ပေးတယ်ဆိုရင် ပြည်သူလူထုအနေနဲ့လည်း လိုက်နာဆောင်ရွက်ပေးပါလို့ ကျမက မေတ္တာရပ်ခံချင်ပါတယ်။”
အရင်အစိုးရလက်ထက်ကတော့ ရန်ကုန်တိုင်းလွှတ်တော်ထဲမှာ ကော်မတီက ၂ ခုပဲ ရှိထားတယ်လို့ သိရပါတယ်။ ဒီအစိုးရသစ်လက်ထက်မှာတော့ ကော်မတီက ၁၀ ခုလောက် ဖွဲ့နိုင်ခဲ့တယ်ဆိုတော့လေ အဲဒီကော်မတီတွေက ဘယ်လောက်ထိတောင် လုပ်ပိုင်ခွင့်ရခဲ့လဲဗျာ။ လုပ်ပိုင်ခွင့်မရခဲ့တာတွေကော ရှိလား။
“ကျမတို့ လွှတ်တော်ဘက်အခြမ်းတွေကတော့ လုပ်ပိုင်ခွင့် ပြည့်ပြည့်ဝဝ ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ခေါ်တဲ့ သက်တမ်းက အရမ်းနည်းပါတယ်။ လွှတ်တော်ခေါ်တဲ့ရက်တွေက ရက်ပိုင်းလေးပဲရှိတယ်။ အလွန်ဆုံး ၁၄ ရက်၊၁၅ ရက်ထက် လုံးဝမပိုဘူး။ ဒါတောင် တော်တော်များများ အချိန်ကြာတယ်လို့ ပြောရမယ်။ အဲတော့ ကျန်တဲ့အချိန်တွေမှာ ဘာလုပ်ရလဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ကော်မတီ အစည်းအဝေးတွေ လုပ်ရပါတယ်။ ကော်မတီတွေဟာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို အခြေခံပြီးတော့ ကော်မတီတွေ ဖွဲ့ထားတာရှိသလို အခုနလိုမျိုး ကျမတို့တွေရဲ့ ဒီဘဏ္ဍာရေးဆိုရင် တိုင်းဒေသကြီးအစိုးရရဲ့ ဘတ်ဂျက်သုံးငွေတွေ၊ စီမံကိန်းတွေ စစ်ဆေးတဲ့ဟာမျိုးတွေ၊ ဒီဘတ်ဂျက်တွေကို ချထားပေးပြီးပြီဆိုရင် ပြည်သူ့ငွေစာရင်း ကော်မတီက ဘတ်ဂျက်တွေကို အမှန်အတိုင်း သုံးသလားဆိုတဲ့ ဟာမျိုးတွေကို ဆက်စစ်တာမျိုးတွေ၊ နောက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ လွှတ်တော်အခွင့်အရေး ကော်မတီဆိုတာမျိုးတွေလည်း ရှိတယ်။”
“နောက်အစိုးရကနေပြီး လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေကနေပြီး မေးခွန်းမေးတာကို သက်ဆိုင်ရာ ဝန်ကြီးတွေကနေပြီးတော့ လုပ်ပေးပါမယ်ဆိုပြီးတော့ ကတိကဝတ် လုပ်သွားတယ်။ ဒီကတိကဝတ်တွေကို တည်ရဲ့လား ဆိုပြီးတော့ စိစစ်တဲ့ကော်မတီဆိုတာလည်း ရှိပါတယ်။ ကော်မတီတွေ အများကြီးဖွဲ့ထားတာ ဖြစ်တဲ့အတွက် ဒီကော်မတီတွေဟာလည်း တက်တက်ကြွကြွ လုပ်ဆောင်နေတဲ့ အခါကျတော့ ဒီလွှတ်တော်ပိုင်း အနေနဲ့တော့ ကော်မတီရဲ့ လုပ်ငန်းတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခွင့်ရှိပါတယ်။"
“ဒါပေမယ့် ဘယ်နေရာမှာ အခက်အခဲဖြစ်နေတာလဲဆိုတော့ လွှတ်တော်ကော်မတီတွေဟာ တခါတလေ လိုအပ်တဲ့အခါကျလို့ရှိရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရဘက်ခြမ်းကနေပြီး ဝန်ကြီးတွေကို ခေါ်ယူပြီးတော့ ဆွေးနွေးရတဲ့ အခြေအနေလည်း ရှိပါတယ်။ အဲလိုဆွေးနွေးရတဲ့ အခက်အခဲတွေမှာ တခါတလေကျရင်တော့ ဝန်ကြီးတွေအနေနဲ့ သူတို့ရဲ့ အလုပ်များနေလို့ ကျမတို့ခေါ်တဲ့အချိန်မှာ မလာနိုင်တာမျိုးတွေလည်း ရှိကောင်းရှိပါတယ်။ တခါတလေကျလို့ရှိရင် ကျမတို့ဘက်ကို တာဝန်ယူမှု၊ တာဝန်ရှိတဲ့လူကနေ လာမဖြေပေးဘဲနဲ့ အောက်ကနေပဲ ရုံးအဖွဲ့တွေက လာဖြေတဲ့အခါကျရင် လွှတ်တော်ကိုယ်စားလှယ်တွေက သိချင်တာတွေ အားလုံးကို သူတို့အနေနဲ့ တာဝန်ခံပြီးတော့ ဖြေရှင်းပေးနိုင်ခြင်းလည်း မရှိဘူး။ သူတို့အနေနဲ့ ဟုတ်ပါပြီ၊ ကျနော်တို့ ဆက်လက်တင်ပြပေးပါမယ်။ စာနဲ့ဖြေပေးပါမယ်ဆိုပြီး စာတွေလည်း ပြန်ရောက်လာခြင်းလည်း မရှိပါဘူး။ ဒါမျိုးတွေကျတော့လည်း လွှတ်တော်ကော်မတီတွေမှာ အခက်အခဲရှိပါတယ်။ ဒါပေမယ့် လွှတ်တော်ဘက်ခြမ်း အနေနဲ့တော့ လွှတ်တော်ကော်မတီအားလုံးက လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ရှိပါတယ်။”
“လွှတ်တော်ကော်မတီ ဖွဲ့စည်းထားရတဲ့ အခြေအနေက လွှတ်တော်နဲ့ အစိုးရကြားထဲမှာ ပေါင်းကူးဆက်သွယ်ရတဲ့ကိစ္စ လွယ်ကူအောင်ဖြစ်ပါတယ်။ တချို့ကိစ္စတွေကျတော့ လွှတ်တော်ကြီးထဲမှာ ဆွေးနွေးရတာတွေရှိသလို တချို့ကိစ္စတွေကတော့ ကော်မတီမှာပဲ ခေါ်ယူညှိနှိုင်း ဆွေးနွေးရတာမျိုး ရှိပါတယ်။ ကော်မတီမှာ အဆင်မပြေတဲ့ ကိစ္စမျိုးတွေမှ ကျမတို့က လွှတ်တော်ထဲမှာ ဆွေးနွေးကြတာမျိုးတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ လွှတ်တော်ထဲကို ရောက်သွားတဲ့အခါမှာ မဲခွဲဆုံးဖြတ်ရတဲ့ ကိစ္စမျိုးတွေ ဆိုရင်တော့ လွှတ်တော်ကြီးထဲမှာ ဆွေးနွေးရတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဆန္ဒက အစိုးရရဲ့ လုပ်ငန်းတွေကို ဝင်ရောက်စွက်ဖက်တာ မဟုတ်ပါဘူး။ တည့်မတ်ထိန်းကျောင်းပေးတာမျိုးပဲ ရှိပါတယ်။ တည့်မတ်ထိန်းကျောင်းပေးပြီးတော့ ကူညီဆောင်ရွက်ပေးချင်တဲ့ သဘောတရားနဲ့ လွှတ်တော်ကော်မတီဘက်ကနေပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနက ဝန်ကြီးတွေကို ခေါ်ယူမေးမြန်း ဆွေးနွေးရခြင်းဖြစ်ပါတယ် ဆိုတဲ့ဟာမျိုးကိုလည်း အများပြည်သူ သဘောပေါက် နားလည်စေချင်ပါတယ်။”