ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ပိုင်းတပ်ဖွဲ့များတွေ့မည်ဟု ၀တပ်ဖွဲ့ပြော (ရုပ်သံ)
နေဖြိုးဝင်း
·
May 25, 2017
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမယ်လို့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ ပြင်ပဆက်ဆံရေးမှူးကြီး ဦးကျောက်ကော်အန်းကပြောကြားလိုက်ပါတယ်။
“ကျနော်တို့တော့ ဘာမှ ဆွေးနွေးတာမရှိဘူး။ ရင်းနှီးခင်မင်မှုကို ကြိုတင်ပြီး အဲဒီလိုမျိုး ထိတွေ့တာ ရှိခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ လောလောဆယ် ချိန်းထားတာ မနက်ဖြန်။ အကြောင်းအရာတော့ လောလောဆယ်တော့ မရှိသေးပါဘူး။ ခင်မင်မှုအနေနဲ့ ရင်းနှီးမှု ရယူမှာပါ။ ကျနော်တို့ ပြောချင်တာတော့ တခုပဲ ရှိတယ်။ ဒီတခါ ကျနော်တို့ ဒီညီလာခံဖွင့်ပွဲကို ချောမွေ့ သွားဖို့ပဲ ဖြစ်တယ်။ လောလောဆယ် ကျနော်တို့ အဲဒီလောက်ပဲ သိခဲ့သေးတယ်။ တခြားတော့ မသိသေးဘူး။ အခုတော့ ကျနော်တို့ရဲ့ တောင်းဆိုချက်ပေါ့နော်။ ကျနော်တို့ ခုဖွဲ့ထားတဲ့ ကော်မတီ၊ နိုင်ငံရေး ရပ်တည်ချက်နဲ့ တောင်းဆိုချက်တော့ ကျနော်တို့ ရေးဆွဲထားတာ ရှိတယ်။ ဒါကတော့ ပြောမယ်ဆိုရင် ကြာရှည်သွားမယ်။ အဲဒါကို ကျနော်တို့ စာအုပ်ပုံစံနဲ့ ဖြန့်ပေးမယ်။”
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်တဲ့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့က ခေါင်းဆောင်တွေဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ ဒုတိယအကြိမ်အစည်းအဝေးတက်ရောက်ဖို့ နေပြည်တော်မှာ ရောက်ရှိနေတာဖြစ်ပါတယ်။
မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဒီကနေ့မွန်းလွဲပိုင်းက ဒေါက်တာတင်မျိုးဝင်းခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့ ပါတယ်။