ဝမ်းတွင်းတွင် ကန်အတွင်း ရေဆင်းချိုးရာ ဆယ်တန်းကျောင်းသား ၁ ဦး ရေနစ်သေဆုံး
DVB
·
May 11, 2017
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့ မေလ ၁၀ ရက် မွန်းလွဲ ၁ နာရီလောက်က ရေကန်တွင်း ရေဆင်းချိုးတဲ့ ဆယ်တန်းကျောင်းသားတဦး ရေနစ်သေဆုံးသွားတယ်လို့ ဝမ်းတွင်းမြို့ ရွှေတောင်ရဲစခန်းက ပြောပါတယ်။
ဒုရဲအုပ်အောင်သူဟိန်း က “ဂုဏ်ရွာကျေးရွာကနေ ဆယ်တန်းလာတက်တယ်။ စမုံရွာ ညောင်ရေသွန်းပွဲကိုသွားကြတာ။ ကန်ထဲကိုသူနဲ့သူ့ငယ်ချင်းတွေ ရေဆင်းချိုးရင်း ဌေးဝင်းဇော် ရေနစ်သေဆုံးတယ်။ ခန္ဓာကိုယ်မှာပြင်ပ ဒဏ်ရာမတွေ့ရဘူး လို့ပြောပါတယ်”လို့ ပြောပါတယ်။
စမုံရွာနေ ကိုဝင်းစိန်က “နွားနဲ့သုံးရေအတွက်ထားတဲ့ ရေကန်ပဲ။ အသစ်ပြန်တူးထားတာ မကြာသေးဘူး။ ပေ ၇၀ ကျော်ပတ်လည်လောက်ရှိမယ်။ ရေအနက် ၇ ပေကျော်လောက်ရှိမယ်။ ပူအိုက်တော့ ရေကန်ထဲ ဆင်းချိုးရင်းရေနစ်သွားတာဖြစ်မယ်” လို့ ပြောပါတယ်။
ဝမ်းတွင်းမြို့ ရွှေတောင်ရဲစခန်းက သေမှု သေခင်းအမှတ်စဉ်(၂/၂၀၁၇)နဲ့အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက်နေပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)