ဒေါသထွက်နေသည့်နွား လူ ၁ ဦးကို ဒဏ်ရာရသည်အထိ တရပ်စပ်ဝှေ့ပြီးတိုက်ခိုက် (ရုပ်သံ)
DVB
·
May 7, 2017
လမ်းပေါ်က လူတဦးကို စိတ်တိုဒေါသဖြစ်နေတဲ့ နွားတကောင်က အတင်း တရပ်စပ်ဝှေ့ပြီး တိုက်ခိုက်တဲ့ စိတ်ဝင်စား ထိတ်လန့်ဖွယ် ရုပ်သံ ထွက်ပေါ်လာပါတယ်။
အိန္ဒိယနိုင်ငံ ဂူဂျာရက်မြို့ရဲ့ စူရက်လမ်းပေါ်မှာ စက်ဘီးနဲ့ အလုပ်က ပြန်လာတဲ့ ဒီနဲက်ရှ်ပရာဂျ ပါတီကို ဒေါသထွက်နေတဲ့ နွားကြီးတကောင်က လမ်းထောင့်ပေါ်ကို ရောက်အောင် နောက်ကလိုက် တရပ်စပ်ဝှေ့ပြီး တိုက်ခိုက်ခဲ့တာလို့ မေရာရဲ့ မေလ ၆ ရက်နေ့သတင်းမှာ ရေးထားတာပါ။
လမ်းပေါ်က ဝိုင်းပြီးကြည့်နေတဲ့သူတွေလည်း နွားဝှေ့တိုက်ခိုက်ခံရသူကို ကယ်ဆယ်ဖို့ အော်ဟစ် တုတ်တွေနဲ့ခြောက်လှန့်နေကြတာကို ရုပ်သံထဲမှာ မြင်ရမှာပါ။
လမ်းမပေါ်မှာ ကလေးတွေက နွားကို ကျောက်တုံးတွေနဲ့ ပစ်ပေါက်ပြီး ပြန်ပြေးလိုက်လုပ်ကာ အကူအညီမဲ့နေတဲ့ ဒီနဲက်ရှ်ကို ကယ်ဆယ်ဖို့ ကြိုးစားနေကြတာပါ။
ဒဏ်ရာတွေနဲ့ လမ်းထောင့်ပေါ် လဲကျနေတဲ့ ဒီနဲရှက်ကို နွားက အတင်းဝှေ့ယမ်းတိုက်ခိုက်နေလို့ ဒီနဲက်ရှ်လည်း နွားရဲ့ရန်ကနေ သူ့ကိုယ်သူ ကာကွယ်နေရပါတယ်။
အခင်းဖြစ်ရာ အနီးအနား အဆောက်အအုံက လူတွေလည်း နွားထွက်ပြေးအောင် တုတ်တွေနဲ့ ခြောက်လှန့် အိမ်အပေါ်ထပ်မှာ နေတဲ့သူတွေကလည်း နွားထွက်ပြေးသွားအောင် ပြတင်းပေါက် ကနေ ရေတွေသွန်ချ လုပ်နေတာပါ။
လူငယ်တချို့က လမ်းလယ်ကနေ ပြေးပြီး နွားကို ကျောက်တုံးတွေနဲ့ ပစ်ပေါက်ချိန်မှာ နွားနဲ့ အနီးဆုံးနေရာ အဆောက်အအုံက လူတဦးက နွားရဲ့ခေါင်းကို တုတ်ချောင်းနဲ့ ထိုးပြီး ချောက်လှန့်နေပါတယ်။ ဒါပေမယ့် စိတ်တိုနေတဲ့ နွားကြီးက သူ့ကိုခြောက်လှန့် နေသူတွေကို ပြန်လည်တိုက်ခိုက်ဖို့ လုပ်လိုက် လမ်းထောင့်က လဲကျနေတဲ့ ဒီနဲက်ရှ်ကို ပြန်ဝှေ့ယမ်း တိုက်ခိုက်လိုက်နဲ့ ဖြစ်နေတာပါ။
နွားက ခြောက်လှန့်နေတဲ့ လူအုပ်ဆီ တိုက်ခိုက်ဖို့ အာရုံရောက်သွားချိန်မှာ လဲကျနေတဲ့ ဒီနဲက်ရှ် လည်း လမ်းထောင့်က အိမ်တစ်ခုဆီ ပြေးဖို့ အခွင့်သာသွားပါတယ်။
နွားကြီးက တိုက်ခိုက်ဖို့ ချက်ခြင်း ဒီနဲက်ရှ်နောက်ကို အတင်းလိုက်ပေမယ့် လမ်းမှာ အခြား နွားတကောင်ကိုတွေ့ပြီး ဆက်မလိုက်တော့လို့ နွားကြီးရဲ့ တိုက်ခိုက်ပွဲက ပြီးဆုံး သွားပါတယ်။