ကလေးမြို့တွင် ဘာသာရေး အယောင်ဆောင် လိမ်လည်သူ ၅ ဦးကို ဖမ်းဆီး
DVB
·
May 6, 2017
ဘာသာသာသနာကို ခုတုံးလုပ် အယောင်ဆောင်လိမ်လည်နေသူ အမျိုးသား ၅ ဦးကို မေ ၅ ရက် ညနေပိုင်းက ကလေးမြို့ ဗိုလ်ချုပ်လမ်းပေါ်မှာ စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ ကလေးမြို့ သံဃာ့စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဆရာတော် ဦးအဂ္ဂသူရက မိန့်ပါတယ်။
“ဒီအဖွဲ့ကို ခဏ ခဏ လာလာပြောနေတာ၊ စောင့်နေတာ လေးခါရှိပြီ။ ဟိုနားလိမ်၊ ဒီနားလိမ်နဲ့၊ ခုဟာက မြို့ပေါ်ရောက်လာတယ်။ လမ်းပေါ်မှာ ကားတွေတားပြီး သူတို့ အလှူခံကားဘီး မကောင်းလို့ လဲချင်လို့ ဘာညာနဲ့ အလှူခံတယ်။ ဒါကို ဒကာတစ်ယောက်က လာပြောလို့ သွားစစ်ဆေးတော့ အယောင်ဆောင် အလှူခံအဖွဲ့ ဖြစ်နေတယ်။ သင်္ကန်းတွေ ၀တ်ထားကြတယ်။”
အယောင်ဆောင်သူတွေဟာ ရန်ကုန်၊ မန္တလေး၊ မြင်းမူ မြို့တွေမှာ နေထိုင်သူတွေ ဖြစ်ပြီး အယောင်ဆောင် အမျိုးသား ၅ ဦးထဲမှာ ၄ ဦးကတော့ သင်္ကန်းဝတ် အယောင်ဆောင်ထားကာ ဦးတင့်လွင်၊ ဦးစိုးကို၊ ဦးလှဟန်၊ ဦးဇော်မင်းထွန်းနဲ့ ဦးမောင်အေး ဆိုသူတို့ ဖြစ်တယ်လို့ သိရပါတယ်။
အယောင်ဆောင် လိမ်လည်သူတွေဟာ ကားအဖြူတစ်စင်းနဲ့ လှည့်လည်နေသူတွေဖြစ်ပြီး အဲ့ဒီကားမှာလည်း သာသနာ့အလံကို တပ်ဆင်ထားပါတယ်။ အသုံးပြုကားမှာတော့ ရန်ကုန် နံပါတ် တပ်ဆင်ထားပြီး လိုင်စင်ရှိမရှိကို စစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
သာသနာခုတုံးလုပ် အယောင်ဆောင် လိမ်လည်သူ ၅ ဦးကို ကလေးမြို့ မြို့နယ် သာသနာရေးမှူးကိုယ်တိုင် တရားလိုပြု တိုင်တန်းထားပြီး ခွင့်ပြုချက်မရှိဘဲ အလှူခံခြင်း၊ သာသနာညိုးနွမ်းစေအောင် လုပ်ခြင်းနဲ့ လိမ်လည်ဖြင်းကိစ္စရပ်တွေအတွက် ကလေးမြို့ မြို့မရဲစခန်းကလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ၂၉၅ က နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။
မင်းရဲစစ်နိုင်