ဒိုက်ဦးမြို့နယ် ရထားသံလမ်းတွင် လူ ၁ ဦးသေဆုံး
DVB
·
May 2, 2017
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အောင်ဘာလေကျေးရွာ ကောလိယ ရထားသံလမ်းတံတား ၁၁၁ မှာ မေလ ၁ ရက်နေ့က လူတ ၁ ဦးသေဆုံးတယ်လို့ ဒိုက်ဦးမြို့မရဲစခန်းက သိရပါတယ်။
သေဆုံးသူမှာ ဒိုက်ဦးမြို့နယ် ဖအောင်းဝဲကျေးရွာနေ မျိုးဇော်ထွန်း ဆိုသူဖြစ်ပြီး ရထားသံလမ်းရဲ့ ယာဘက်ဘီးအကွာအဝေး ၉ လက်မနဲ့ ဇလီ ဖားတုံး အကွာအဝေး အလျား ၁၅ လက်မ ကြားမှာ ဦးခေါင်း မှေးတင်ပြီး ခန္ဓာကိုယ်မှာ ရထားသံ လမ်းအောက် တွဲလောင်းကျသေဆုံးနေတာကို ရဲတာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
“မန္တလေး-ရန်ကုန် စာပို့ရထား အစုန် ၂ ဖြတ်မောင်းချိန်မှာ ညည်းတွားအော်ဟစ်သံ ကြားရတဲ့အတွက် သွားကြည့်ရာ လူ ၁ ဦးလူလှိမ့်နေတာကို တွေ့ရကြောင်းနဲ့ တခြားသူတွေကို သွားခေါ်နေတုန်း နောက်ထက် အဆန် ၈၀၅ ဆီတင်ရထား နောက်တစီး ဖြတ်သွားခဲ့သေးတယ်” လို့ အလောင်းကို မြင်တွေ့ခဲ့တဲ့ မစန်းဝင်းက ပြောပါတယ်။
သေဆုံးသူမှာ ဆွံ့အ နားမကြား ပိုလီယိုရောဂါသည်တဦးဖြစ်ပြီး နေအိမ်မှမကြာခဏ ထွက်သွားတတ်တယ်လို့လည်း သိရပါတယ်။
သေဆုံးမှုနဲ့ပတ်သက်ပြီး ဒိုက်ဦးမြို့မရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်