နေပြည်တော်ဥပဒေအရာရှိနှင့် အမှုစစ်ရဲအရာရှိတို့ကို လာဘ်ငွေယူမှုဖြင့် အမှုဖွင့် (ရုပ်သံ)
DVB
·
April 23, 2017
ဥပဒေအရာရှိနှင့် အမှုစစ်ရဲအရာရှိတို့ကို လာဘ်ငွေယူ... by dvburma
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဥပဒေအရာရှိတဦးနဲ့ အမှုစစ်ရဲအရာရှိတဦးတို့ကို နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်တရားရုံးမှာ လာဘ်ငွေယူမှုနဲ့ အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။
ဇဗ္ဗူသီရိမြို့နယ် ဥပဒေရုံးက ဥပဒေအရာရှိ ဦးကျော်သူရဝင်းနဲ့ ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ မြို့မ ရဲစခန်းက ဒုတိယ ရဲအုပ်ခင်မောင်ညို တို့ကို အမှုဖွင့်တိုင်ကြားလာတာလို့ ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး မြင့်ဌေးက ပြောပါတယ်။
ဥပဒေအရာရှိ ဦးကျော်သူရဝင်းဟာ (ပ) ၂၁၆ / ၂၀၁၆ နဲ့ တရားစွဲဆိုခံရတဲ့ တရားခံ ဦးဖိုးလုံးရဲ့သမက်ဖြစ်သူ ဦးသက်ထွန်းအောင်ထံက ကျပ်ငွေ သိန်း ၂၀ လာဘ်ငွေရယူခဲ့တယ်လို့ ပေါ်ပေါက်လာတဲ့အတွက် အမှုဖွင့် တိုင်ကြားခံရတာဖြစ်ပါတယ်။
ဒုရဲအုပ်ခင်မောင်ညိုကိုလည်း ငွေကျပ် ၇ သိန်း ဝန်းကျင် လာဘ်ငွေ ယူခဲ့လို့ ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇ နဲ့ အမှုဖွင့်ခံရတာဖြစ်ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရဲ့ စစ်ဆေးရေးမှူးတွေဖြစ်တဲ့ ဦးအောင်မြင့်ဇော် နဲ့ ဦးစိုးသန်းတို့က တရားလိုလုပ်ပြီး ဧပြီ ၂၂ ရက်မှာ အမှုဖွင့် တိုင်ကြားခဲ့တာလည်း ဖြစ်ပါတယ်။