အမြန်လမ်းမကြီးတွင် တနေ့တည်း ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်၊ ၁ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရ
DVB
·
April 9, 2017
အမြန်လမ်းမကြီး၊ နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွင်း ဒီကနေ့မနက်ပိုင်းက ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ခဲ့လို့ ကလေးငယ် ၁ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဧပြီ ၈ ရက် ဒီကနေ့မနက် ၄ နာရီခွဲလောက်က ရန်ကုန်ကနေ နေပြည်တော်ကို ယာဉ်မောင်း ရဲမင်းထွန်း မောင်းနှင်လာတဲ့ ဟိုက်ဂျက်ခဲရောင်ယာဉ်ဟာ အမြန်လမ်းမကြီး ၁၃ မိုင် ၅ ဖာလုံနဲ့ ၆ ဖာလုံကြား အရောက်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ကာရံထားတဲ့ ဘလောက်တုံးတွေကိုတိုက်မိပြီး တိမ်းမှောက်သွားခဲ့ပြီး ခရီးသည် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိလို့ ဆေးရုံပို့ထားရပါတယ်။
အမှတ် (၃) အမြန်လမ်းမကြီးရဲစခန်းက ယာဉ်မောင်း ရဲမင်းထွန်းကို ပုဒ်မ-၃၃၇/၃၃၈ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့မနက် ၇ နာရီခွဲလောက်က အမြန်လမ်းမကြီး၊ ဇီးပင်သာရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၂ မိုင် ၀ ဖာလုံနဲ့ ၁ ဖာလုံအကြားမှာ ရန်ကုန်ကနေ နေပြည်တော်ကို ယာဉ်မောင်း စန်းဇော်ဦး မောင်းနှင်လာတဲ့ တိုယိုတာဖီဒါ ခဲရောင်ယာဉ်ဟာ အမြန်လမ်းမကြီး အနောက်ဘက်မှ အရှေ့ဘက် လမ်းဖြတ်ကူးသူ မောင်ဇင်မင်းထိုက် ၉ နှစ် ကို တိုက်မိခဲ့ပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဇီးပင်သာအမြန် လမ်းမကြီးရဲစခန်းက ယာဉ်မောင်းဖြစ်သူ စန်းဇော်ဦးကို လမ်းညွှန်အမှတ်အသားများကို လိုက်နာမှုမရှိတဲ့အတွက်ဇီ(ပ)၁၄၀/၂၀၁၇၊ မော်တော်ယာဉ် ဥပဒေ-၅၆ နဲ့ အရေးယူထားပြီး၊ သေဆုံးသွားသူကိုလည်း တက်ရောက်ခွင့်မရှိတဲ့ အမြန်လမ်းမကြီးပေါ် လမ်းဖြတ်ကူးတဲ့အတွက် ယာဉ်(ပ)၄/၂၀၁၇၊ပြစ်မှုပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့်အရေး ယူထား တယ်လို့ သိရပါတယ်။
သားကြီး(တောင်ငူ)