ပျဉ်းမနားအချုပ်ခန်းမှ တရားခံ ၂ ဦး ထွက်ပြေးလွတ်မြောက်
DVB
·
April 8, 2017
နေပြည်တော်၊ ပျဉ်းမနားမြို့မ ရဲတပ်ဖွဲ့စခန်း အချုပ်မှာ ဧပြီလ ၈ ရက်နေ့က တရားခံ ၂ ဦး ထွက်ပြေးမှု ဖြစ်ပွားခဲ့ပါတယ်။
တရားခံ ၂ ဦးဟာ ပ ၂၅၆/၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အရေးယူခံထားရတဲ့ ၀င်းထိုက်ကျော်နှင့် ငွေသိန်း (ခေါ်) ညီညီ တို့ဖြစ်တယ်လို့ ပျဉ်းမနားမြို့မ ရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။
ဖြစ်စဉ်ကတော့ ဧပြီ ၈ ရက်နေ့ မနက် ၇ နာရီအချိန်လောက်က အချုပ်ခန်း သန့်ရှင်းရေးလုပ်ဖို့အတွက် တရားခံငွေသိန်းနဲ့ ၀င်းထိုက်တို့ကို အခြားအချုပ်သား ၂ ဦးနဲ့ အတူခိုင်းစေခဲ့ပြီး အချုပ်ခန်းကို ပြန်လည်ပို့ဖို့ ပြင်ဆင်ရာမှာ မရှိတော့ဘဲ ထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။
တရားခံထွက်ပြေးမှုနဲ့ ပတ်သက်ပြီး ရှာဖွေရာ အချုပ်ခန်းအသစ်ရဲ့ အုတ်နံရံကနေတဆင့် အချုပ်ထောင်ဟောင်း ခေါင်မိုးပေါ်ကို ကျော်တက်ပြီး ထွက်ပြေးသွားခဲ့တာလို့ ရဲကြေးနန်းမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ တရားခံပြေးတွေကို ပြန်လည်ဖမ်းဆီးနိုင်ဖို့ကို တာဝန်ရှိသူတွေ ဆောင်ရွက်နေတယ်လို့ သိရပါ တယ်။
အဲဒီ အချုပ်ထောင်အတွင်းမှာ အချုပ်တရားခံ ကျား (၄၂) ဦး၊ မ (၇) ဦး တို့ကို ချုပ်ထားပြီး တာဝန်ခံ ရဲမှူး၊ ရဲအုပ်၊ ကင်းမှူးတို့နဲ့ ကင်းသား (၁၀)ဦးက စောင့်ကြည့်နေခဲ့တာပါ။
အောင်ကိုကိုလတ်