ရန်ကုန်-မန္တလေးအမြန်လမ်းကို ဆိုင်ကယ်ဖြင့်ဖြတ်ကူးသူ ကားတိုက်ခံရ၊ ၃ ဦးပြင်းထန်ဒဏ်ရာရ
DVB
·
April 7, 2017
မန္တလေးတိုင်းဒေသကြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ဒီကနေ့ နေ့လယ် ၁၂ နာရီလောက်က ဆိုင်ကယ်နဲ့ အိမ်စီးကားတစီး တိုက်မိပြီး လူ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်၃၀၅/၂ နဲ့ ၃ ကြားလမ်းအရှေ့မှ အနောက်ကို ဖြတ်ကူးတဲ့ ကျော်ဆန်းမောင်းပြီး ၃ ယောက်စီးလာတဲ့ ဆိုင်ကယ်နဲ့ ရန်ကုန်ဘက်ဦးတည်မောင်းလာတဲ့ အိမ်စီးကားတို့ တိုက်မိပြီး ဆိုင်ကယ်ပေါ်ပါ လူ ၃ ဦးလုံး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။
“ဆိုင်ကယ်က မလှိုင်မြို့နယ် အုတ်ဖိုကန် ရွာကိုသွားတဲ့လမ်းကိုဖြတ်ကူးတယ်။ ပထမတန်းကျောင်းသူ စုရတီးစိုးက ပေါင်ကျိုးသွားတယ်။ ဦးဖိုးခွေးကလက်ကျိုးတယ်။ ဆိုင်ကယ်မောင်းတဲ့ ကျော်ဆန်းကဦးခေါင်းနဲ့ လက်တွေပေါက်ပြဲကုန်တယ်။ မိတ္ထီလာဆေးရုံ ပို့လိုက်ရတယ်။” လို့ သီကုန်းရဲစခန်း စခန်းမှူးကပြောပါတယ်။
ဆိုင်ကယ်မောင်းသူ ကျော်ဆန်းကို အမြန်လမ်းမကြီး ဥပဒေပုဒ်မ-၁၈၊ ယာဉ်မဆင်မခြင် မောင်းနှင်လို့ ဒဏ်ရာရရှိစေသောပြစ်မှု ပုဒ်မ-၃၃၇/၃၃၈ အရ ပုဒ်မနှစ်ခုနဲ့ မိတ္ထီလာသီကုန်း ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
မောင်မောင်လင်း(ဝမ်းတွင်း)