မြိတ်မြို့တွင် ဘုရားဖူးယာဉ်တစီး အရှိန်လွန်၍ လမ်းဘေးဓာတ်တိုင်ဝင်တိုက်
DVB
·
April 5, 2017
တနင်္သာရီတိုင်း မြိတ်မြို့ကို ဘုရားဖူးရောက်လာတဲ့ သန်းဌေးနှင့်ရောင်းရင်းများ အမည်ရှိ ဘုရားဖူး ဧည့်သည်တွေ တင်ဆောင်လာတဲ့ မှန်လုံကားတစီးဟာ ဒီကနေ့မနက်က အရှိန်လွန်ပြီး လမ်းဘေးရှိ ထရန်စဖော်မာနဲ့ ဓာတ်တိုင်တွေကို တိုက်မိခဲ့တယ်လို့ ယာဉ်ပေါ်ပါ ခရီးသည်တွေထံက သိရပါတယ်။
မြိတ်မြို့နယ်၊ ကန်ဖျားရပ်ကွက်၊ မြေနီလမ်းလေးဆုံထောင့်အကွေ့မှာ ဘုရားဖူးယာဉ်ဟာ ဘုရားဖူးပြီးအပြန် ဧပြီလ ၅ ရက်နေ့ မနက် ၂ နာရီခွဲအချိန်က အရှေ့ကနေ မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို တိမ်းရှောင်ရာက လမ်းဘေးရှိ လျှပ်စစ်ထရန်စဖော်မာနဲ့ ဓာတ်တိုင်တွေကို ဝင်ရောက် တိုက်မိခဲ့တာပါ။
အဆိုပါ ဘုရားဖူးယာဉ်ဟာ ခရီးသွားဧည့်သည်အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ၂၀ ဦး စီးနင်းလိုက်ပါလာတယ်လို့ ဘုရားဖူးယာဉ်မှာ လိုက်ပါလာသူတဦးဖြစ်သူ ဦးကျော်မြင့်က ပြောပါတယ်။
ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ဦးတင်ထွဋ်အောင် အသက် (၃၃-နှစ်)ကို ရာဇသတ်ကြီးပုဒ်မ ၂၇၉နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - ဇော်ဇော်(မြိတ်)