Home
မြန်မာသတင်း
ရွှေ့ပြောင်းလုပ်သားများ သင်္ကြန်ပြန်ပါက ထောက်ခံစာယူရန် လိုအပ်
DVB
·
March 22, 2017
thai workers
thai workers
ထိုင်းရောက် မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့  ဒီနှစ်သင်္ကြန်မှာ မိမိနိုင်ငံကို ၂၆ ရက် ပြန်လည်ပတ်ခွင့်ရှိပြီး လမ်းမှာစစ်ဆေးရေးနဲ့ တွေ့ရင်ပြဖို့  ထောက်ခံစာတွေ ယူသွားရမယ်လို့  ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။ ၏ အလုပ်သမားတွေဟာ ဧပြီ ၅ ရက်မှ  ၃၀ ရက်နေ့အတွင်း မိမိနိုင်ငံကို ပြန်လည်ပတ်ခွင့်ရပြီး မပြန်ခင် မိမိနေထိုင်ရာ သက်ဆိုင်ရာ ခရိုင်အလုပ်သမားရှာဖွေခန့်ထားရေးရုံး (ကျတ်ဟာငန်း)မှာ ခရီးသွားထောက်ခံစာတွေ သွားယူရမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိုင်းအနန်ချိုင်း ဥထိုင်းဖတ်ထနားချိပ်က ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့  ဌာနဆိုင်ရာအစည်းအဝေးအပြီး သတင်းစာရှင်းပွဲမှာ ထည့်သွင်းပြောကြားပါတယ်။ သက်ဆိုင်ရာအလုပ်ရှင်တွေအနေနဲ့ ပန်းရောင်နေထိုင်ခွင့်ကတ်ရှိ မိမိအလုပ်သမားအတွက် ခရီးသွားထောက်ခံစာ လာလုပ်ပေးဖို့နဲ့ ၀န်ဆောင်ခလည်း ပေးဆောင်စရာမလိုကြောင်း၊ ဒါပေမယ့် သတ်မှတ်ထားတဲ့ ဧပြီလ ၃၀ ရက်အတွင်း ပြန်လည်ဝင်ရောက်လာရမှာဖြစ်ပြီး အဲဒီ ထက်နောက်ကျမှ ပြန်ဝင်လာရင်တော့ တရားမ၀င်အလုပ်သမားအဖြစ် သတ်မှတ်ခံရမှာဖြစ်တယ်လို့  နိုင်းအနန်ချိုင်း က ဆက်ပြောပါတယ်။ အမ်အိုယူနဲ့ ၀င်ရောက်လာတဲ့အလုပ်သမားတွေ၊ နိုင်ငံကူးလက်မှတ်ရပြီးသား အလုပ်သမားတွေအနေနဲ့တော့  ခရီးသွားလက်မှတ်တောင်းစရာမလိုဘဲ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ရာမှာလည်း ဧပြီ ၅ မှ ၃၀ အတွင်း ဗီဇာတံဆိပ်တုံးထုခ ပေးဆောင်စရာမလိုကြောင်း၊ ဒါပေမယ့်  ၃၀ ရက်နေ့ နောက်ပိုင်းမှ ပြန်ဝင်လာရင်တော့  Re- Entry (ပြန်ဝင်ခွင့်လက်မှတ်)  ပြန်လုပ်ရမယ်လို့ ဆိုပါတယ်။ သင်္ကြန်ရက် မိမိနိုင်ငံ ပြန်လည်ပတ်တဲ့ အလုပ်သမားတွေအားလုံး မိမိထွက်ခွာတဲ့ ဂိတ်ကနေပဲ ပြန်ဝင်လာရမှာဖြစ်ပါတယ်။ မနှစ်က သင်္ကြန်ရက်မှာ ဌာနေပြန်လည်ပတ်တဲ့အလုပ်သမား သိန်းနဲ့ချီရှိပြီး ဒီနှစ်မှာတော့ ဂိတ်ကြေး ကင်းလွတ်ခွင့်အပြင် အိမ်ပြန်ခွင့်ပြုရက်ပါ တိုးမြှင့်ပေးထားတဲ့အတွက် မနှစ်ကထက် ပိုများမယ်လို့ ယူဆကြောင်း အလုပ်သမားဝန်ကြီးဌာန သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024