တရုတ်ပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ကိုးကန့်ဒုက္ခသည်ပိုများလာ (ရုပ်သံ)
DVB
·
March 20, 2017
ရှမ်းပြည်နယ် လောက်ကိုင်ဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် တရုတ်ပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၅ သောင်းလောက်ရှိလာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
နန်းဆန်ဒေသခံတဦးဖြစ်တဲ့ ဝမ်အိုက်တင်က"အခု ကျနော်တို့ အနီး ၁၂၅ မှာ ၃သောင်းကျော်လောက်ရှိပြီ။ ကျန်တဲ့ ၁၂၃ ရယ်၊ ၁၂၇ ရယ် လူတွေ စစ်ဘေးရှောင်တွေ အများကြီးပဲ။ အားလုံးပေါင်းရင် ၅သောင်းအထက်မှာ ရှိတယ်။ ပြောရရင် ကိုးကန့်လူဦးရေရဲ့ ထက်ဝက်ခန့်လောက်ရှိပြီ" လို့ ပြောပါတယ်။
တိုက်ပွဲ စတင်ဖြစ်ပွားပြီးနောက် တရုတ်ပြည်ဘက်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို တရုတ်အစိုးရမှ စာရင်းဇယားကောက်ပြီး ၃ ဦးအထက် အိမ်ထောင်စုတစုကို ဆန်တအိတ်စီ ကူညီထောက်ပံထားတယ်လို့ သိရပါတယ်။
"အရင် ၂၀၁၅ တိုက်ပွဲလောက် မဆိုးဘူး။ အဲတုန်းကဆိုရင် လူဦးရေ သိန်းချီရှိတယ် ထွက်ပြေးလာတဲ့လူတွေ။ အခုတိုက်ပွဲက ဒီနယ်စပ်ခြံစည်းရိုးရဲ့ ၃ ပုံ ၁ ပုံလောက်ပဲ တိုက်ပွဲဖြစ်တော့ အရင်တခါလောက်တော့ မဆိုးဘူး ပြောရမယ်" လို့ ဝမ်အိုက်တင်က ဆက်ပြောပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲက ပြင်းထန်ခြင်း မရှိပေမယ့် သေနတ်သံတွေက ကြားနေရဆဲ ဖြစ်ကြောင်း သိရပါတယ်။
သတင်း - နိုင်နိုင်