ရန်ကုန်၊ သထုံနှင့် ကျောက်တောင်မြို့များတွင် ယမန်နေ့ မီးလောင်မှု ဖြစ်ပွား
DVB
·
March 16, 2017
မနေ့က တရက်တည်းမှာဘဲ ရန်ကုန်မှာ မီးလောင်မှု ၄ ကြိမ် ဖြစ်ပွားခဲ့တဲ့အပြင် သထုံမြို့နဲ့ ကျောက်တော်မြို့တို့မှာလည်း မီးလောင်မှု တကြိမ်စီ ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မနေ့က မနက် ၄ နာရီကျော်က ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ အောင်ချမ်းသာ ၂ ရပ်ကွက်၊ မိုးကုတ်ကျောင်းလမ်း၊ နှစ်ထပ်ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ လှိုင်သာယာမြို့နယ်၊ ၁၀ ရပ်ကွက်၊ တမာကုန်းမှတ်တိုင်အနီးက အနော်ရထာလမ်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
နေ့လယ် ၁၂ နာရီလောက်မှာလည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၃ ရပ်ကွက်၊ သင်္ဂဟလမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေ့လယ် ၂ နာရီ ၄၅ မိနစ်မှာလည်း ဒဂုံတောင်မြို့နယ် ၇၀ ရပ်ကွက် အောင်ချမ်းသာလမ်းမှာ မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့တာပါ။
အဲဒီနေ့ နေ့လယ် ၁ နာရီလောက်မှာဘဲ သထုံခရိုင်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ စက်သုံးဆီ အရောင်းဆိုင်မှ ဓာတ်ဆီဖလှယ်ရာမှ ပွတ်တိုက်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်ရာနေရာကို သထုံခရိုင် မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ် ၅ စီး အပါအဝင် မီးငြှိမ်းသတ်ယာဉ် ၇ စီးနဲ့ မီးငြှိမ်းသတ်ရာမှာ နေ့လယ် ၁ နာရီခွဲလောက်မှာ မီးငြိမ်းသွားခဲ့ပါတယ်။
ည ၆ နာရီခွဲလောက်မှာတော့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြည်သာယာရပ်ကွက်က ဆီဆိုင်တန်း မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီမီးလောင်ရာ နေရာကို ကျောက်တော်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ အပါအဝင် စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် ၇ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ကြောင်း သိရပါတယ်။
ည ၆ နာရီခွဲကစပြီး မီးလောင်ခဲ့ရာမှ ည ၈ နာရီ မိနစ် ၄၀ မှာ မီးငြိမ်းသွားခဲ့ကြောင်း မီးတပ်တပ်ဖွဲ့က သိရပါတယ်။