အောင်ဇံရဲကင်းမှ လုယူခံခဲ့ရသည့် လက်နက်အချို့ပြန်လည်တွေ့ရှိ
DVB
·
March 13, 2017
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်ဇံကျေးရွာရဲကင်းကနေ လုယူခံခဲ့ရတဲ့ လက်နက်တွေထဲက ဘီအေ ၉၄ အမျိုးအစား သေနတ် ၂လက်ကို ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ဝေလာတောင်ချောင်းဘေးမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၁၁ ရက်နေ့ ညနေက အောင်ဇံကျေးရွာရဲစခန်းမှာ မသင်္ကာဖွယ်တွေ့တဲ့ လူ ၅ ဦးကို ခေါ်ယူစစ်ဆေးနေတုန်း ရဲတပ်ဖွဲ့ဝင်တွေကို လုံးထွေးသတ်ပုတ်ပြီး သေနတ် ၃ လက် လုယူသွားခဲ့တာ ဖြစ်ပါတယ်။
မတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီမှာ အောင်ဇူနယ်မြေ ခေတ္တနယ်မြေမှူးနဲ့အဖွဲ့၊ အောင်ဇံကျေးရွာ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်နဲ့အဖွဲ့တို့က သေနတ် လုယူထွက်ပြေးသွားတဲ့ လမ်းကြောင်းအတိုင်း လိုက်လံရှင်းလင်းခဲ့ရာ နယ်စပ်မိုင်တိုင် ၄၂ အနီး ဝေလာတောင်ချောင်း ဘေးမှာ ဘီအေ- ၉၄(ကျည်အိမ်မပါ) ၂ လက်ကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မသင်္ကာသူ ၅ ဦးကို အောင်ဇံရဲကင်းကို ခေါ်ပြီး ၎င်းတို့နဲ့အတူပါလာတဲ့ ဆာလာအိတ်၊ ကျောပိုးအိတ်တွေကို စစ်ဆေးရာ ABCD ခလုတ်ပါ Remote ၂၁ ခု ၊ ဆားကစ်ပြား ၂၁၀ ပြား၊ ဝါယာကြိုး ၂ ပင်ပါ ခလုတ်အမည်း ၃၂၅ ခု၊ တပ်မတော်အရာရှိသုံး ကော်လံချပ်အဝိုင်း ၆ စုံ၊ တပ်မတော်အခြားအဆင့်သုံး ကော်လံချပ် ၁၂၀ စုံ၊ ကော်ဖြင့် ပြုလုပ်ထားတဲ့ တပ်မတော်သုံး ဦးထုပ်တံဆိပ် ၃၇ ခု၊ ဆေးဝါးနဲ့ ဘီယာဘူးတွေအပါအဝင် ပစ္စည်း ၂၇ မျိုးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်သူ ၅ ဦးအနက် ၂ ဦးမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် ၄၃ အနီး တဖက်နိုင်ငံဘက်ခြမ်းရှိ ကျေးရွာမှာ နေထိုင်သူ ဒိုင်းနက်လူမျိုးတွေဖြစ်ပြီး ကျန် ၃ ဦးမှာ မောင်တောမြို့ မြို့မဘုန်းကြီးကျောင်းမှာ နေထိုင်တွေဖြစ်တယ်လို့ သိရပါတယ်။
အလားတူ မတ် ၁၁ ရက် နံနက် ၉ နာရီခွဲလောက်ကလည်း မောင်တောမြို့နယ် နယ်မြေ ၃ တောင်ပြိုလက်ဝဲ ၂ ရပ်ကွက်မှာ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်တွေ လှည့်ကင်းဆောင်ရွက်စဉ် ဓားကြီးစားကျေးရွာနေ မသင်္ကာသူ မာမတ်ဇူဘိုင် ၂၀ နှစ်ကို တွေ့ရှိ ဖမ်းဆီးထားတယ်လို့ အတိုင်ပင်ခံရုံးက သီးခြားသတင်းထုတ်ပြန်ထားပါတယ်။