လောက်ကိုင်စစ်ဘေးဒုက္ခသောင်းချီ တရုတ်ပြည်ထဲထွက်ပြေးခိုလှုံ (ရုပ်သံ)
DVB
·
March 8, 2017
ကိုးကန့်ဒေသ၊ လောက်ကိုက်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ စစ်ဘေးရှောင်သူတွေက မှောင်ခိုလမ်းကနေ တရုတ်ပြည်ဘက်ကို ထွက်ပြေးလာတာ သောင်းနဲ့ချီ ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
“ဒုက္ခသည် အားလုံး ၂ သောင်းဝန်းကျင်လောက် ရှိနေပြီ။ အဲဒီထဲမှာ အသိရှိတဲ့ လူတွေက သူတို့အသိအိမ်တွေမှာ အိပ်ကြတယ်။ ဒီမှာ ရောက်တဲ့လူတွေတော့ တရုတ်အစိုးရ အားလုံး ကူညီထားတော့ ဘာမှစိတ်ပူစရာ မရှိပါဘူး” လို့ တရုတ်ပြည်ဘက်ရှိ ဒေသခံတဦးက ပြောပါတယ်။
စစ်ဘေးရှောင်တွေကို တရုတ်ဘက် နယ်စပ် ၁၂၅ လမ်းမကြီးရဲ့ အရှေ့ဘက်မှာ နေရာချထားပါတယ်။ စစ်ဘေးရှောင်တွေက ၃ ပုံ ၂ ပုံတော့ အားလုံးရောက်ပါပြီ။ ၁ ပုံလောက်တော့ ကျန်နေဦးမယ်။ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေထဲမှာ ရုန်းရင်းဆန်ခက် ပြေးနေရတဲ့အတွက် ကြားထဲမှာ ကလေးတွေနဲ့ အဖေတွေ အမေတွေနဲ့ ပြေးရင်း ကွဲကုန်ကြတာတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
မနေ့ညအချိန်ထိ လောက်ကိုင်ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး မြန်မာပြည်နဲ့ မိုင်ပေါင်း ၅ မိုင်လောက်ဝေးတဲ့ တရုတ်ပြည် ပတ်အိုက်ရွာဘက်ကို လက်နက်ကြီး ၁၀ လုံး ဝန်းကျင်လောက် ကျရောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိသေးကြောင်း သိရပါတယ်။
သတင်း - နိုင်နိုင်
Video - တရုတ်ပြည်ရှိ ဒေသခံတစ်ဦး