တိုက်ကြီးမြို့နယ်တွင် တောဆင်ရိုင်းတကောင် ဒဏ်ရာများနှင့်သေဆုံး
DVB
·
March 7, 2017
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် လိုင်ရိုးမတောင်ပေါ် ၁ ကြိုးဝိုင်း၊ အကွက်အမှတ် ၅ ရှိ ဦးထိန်ဝင်း ပုဂ္ဂလိက ဝါးစိုက်ခင်းအတွင်း မတ် ၆ ရက်နေ့ မနက်က တောဆင်ရိုင်းတကောင်ကို ဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း တိုက်ကြီးမြို့နယ်သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးတင်မြတ်က ပြောပါတယ်။
ဆင်ဟာ ဟိုင်းဆင်အမျိုးအစား ဆင်ထီးဖြစ်ပြီး အသက် ၃၅ နှစ်မှ ၄၀ နှစ်အတွင်းနဲ့ အမြင့် ၁၀ ပေ၊ အလျားလုံးပတ် ၁၅ ပေရှိပြီး ရေဒီယိုကော်လာတပ်ဆင်ထားတယ်လို့ဆိုပါတယ်။
တောဆင်ရဲ့ ညာဘက်ချက်ခုံရိုး အထက်နားမှာ ပြီးခဲ့တဲ့ ၃ လလောက်က ရရှိတဲ့ ဒဏ်ရာဟောင်းကနေ ကျောရိုးဘက်ကို တတောင်လောက် လှိုက်စားပြီး အဲဒီဒဏ်ရာကြောင့် သေဆုံး တာ ဖြစ်တယ်လို့ ယူဆကြောင်း ဆရာဝန် ဒေါက်တာ ဖြိုးသူအောင်က ပြောပါတယ်။
သတင်း - မေသွယ်