Home
မြန်မာသတင်း
ဦးကိုနီလုပ်ကြံခံရမှု ကွင်းဆက်တရားခံများ အမြန်ဆုံးဖော်ထုတ်ပေးရန် ဦးတင်ဦး တိုက်တွန်း
အာကာ
·
February 19, 2017
ukn4
ukn3
ukn2
ukn
ukn1
ဦးကိုနီလုပ်ကြံခံရတဲ့ဖြစ်စဉ်မှာ တရားခံတချို့မိနေပေမယ့် ကွင်းဆက်တရားခံတွေကို အမြန်ဆုံးမဖော်ထုတ်နိုင်တာကို ဘဝင်မကျဖြစ်မိကြောင်းနဲ့ အမြန်ဆုံးဖော်ထုတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက တိုက်တွန်းလိုက်ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက်က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ပြုလုပ်တဲ့ ဦးကိုနီဝမ်းနည်းဂုဏ်ပြုတဲ့ အခမ်းအနားမှာ အခုလို ပြောဆိုသွားတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက “အမှုတခုက အမြန်ဆုံးပေါ်ဖို့ လိုတယ်။ ကြာရင်သွေးအေးသွားတတ်တယ်။ အခုလည်း တရားခံတချို့ကိုမိနေပြီ။ ဒါကိုကွင်းဆက်တရားခံ တွေကို အမြန်ဆုံးဖော်ထုတ်စေချင်တယ်။ ဒါတွေမပေါ်သေးတာကို ဘဝင်မကျဘူး။ အမြန်ဆုံး ဖော်ထုတ်ပေးဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။ ဒါအပြင် ဒီဖြစ်စဉ်မှာ ဖမ်းဆီးရမိထားတဲ့ တရားခံတွေကို အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေနဲ့ပါ အရေးယူစေချင်တယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ဦးဆောင်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အကြံပြုပါတယ်။ “ဒီလုပ်ကြံမှုက သာမန် လူသတ်မှုနဲ့ ပြီးလို့မရဘူး။ လူမြင်ကွင်း နိုင်ငံတကာလေဆိပ်မှာ လုပ်ကြံခံရတာ။ အကြမ်းဖက်မှုပဲ။ အဲဒါကြောင့် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေနဲ့ပါ အရေးယူဖို့ အကြံပြုချင်ပါတယ်။ ပြီးတော့ တရားခံတွေကို မြောက်ပိုင်းခရိုင်တရားရုံးမှာ မစစ်စေချင်ပါဘူး။ လုံခြုံရေးစိတ်မချရပါဘူး။ ဂဋ္ဌုန်ဦးစောကို စစ်ဆေးတုန်းကလို အင်းစိန်ထောင်မှာ သီးသန့် တရားရုံး ဖွင့်လှစ်စစ်ဆေးစေချင်ပါတယ်။ ပြီးတော့ အခုမိနေတဲ့ တရားခံတွေကို အရင်က နိုင်ငံရေးသမားတွေ စစ်ဆေးသလိုစစ်လိုက်ပါ။ တပတ်အတွင်းအားလုံးပေါ်ပါတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောပါတယ်။ ဒီအခမ်းအနားကို ရှေ့နေအသင်းအဖွဲ့တွေက ရှေ့နေတွေနဲ့ ဦးကိုနီရဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့ပါတယ်။ သတင်း၊ဓာတ်ပုံ - အာကာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024