Homeမြန်မာသတင်း
ဘန်ကောက်တွင် မြန်မာလုပ်သားများအလုပ်လုပ်နေသည့် နာမည်ကြီး တံဆိပ်အတုပြုလုပ်သည့် စက်ရုံကို ၀င်ရောက်ဖမ်းဆီး
ဘန်ကောက်တွင် မြန်မာလုပ်သားများအလုပ်လုပ်နေသည့် နာမည်ကြီး တံဆိပ်အတုပြုလုပ်သည့် စက်ရုံကို ၀င်ရောက်ဖမ်းဆီး
DVB
·
February 16, 2017
ထိုင်းနိုင်ငံအလယ်ပိုင်း နွန်ထပူရီမြို့မှာ မြန်မာအလုပ်သမားတွေပါ ၀င်ရောက်လုပ်ကိုင်နေတဲ့ နာမည်ကြီး အ၀တ်အထည်တံဆိပ်တုမျိုးစုံ တုပထုတ်လုပ်ပေးနေတဲ့ စက်ရုံတရုံကို နယ်မြေရာဇ၀တ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ၀င်ရောက်စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ မန်နေဂျာ အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါစက်ရုံမှာ အိမ်အမှတ် ၆၁/၉ ဘန်ဆီမိုင်းရပ်ကွက်ထဲမှာရှိပြီး ရဲတပ်ဖွဲ့မှ ၀င်ရောက်စစ်ဆေးစဉ် မြန်မာအလုပ်သမား ၉ ဦး နဲ့ လုပ်ငန်းရှင် ထိုင်းလူမျိုး ၂ ဦးတို့ကို တံဆိပ်နှိပ်စခရင်ပြားပေါင်း ၆၀၊ နာမည်ကြီးတံဆိပ်မျိုးစုံပါဝင်တဲ့ ဘလောက်တုံးပေါင်း ၃၀၀ ကျော်နဲ့အတူ ဖမ်းဆီးရမိတယ်လို့ ရာဇ၀တ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲမှူးကြီး ချောင်ဝလစ် ဆ၀ိုင်ဖစ်က သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် ဂိုဒေါင်ထဲမှာ adidas မူပိုင်တံဆိပ် အတုလုပ်ထားတဲ့ အင်္ကျီအထည်ပေါင်း ၃ သောင်းကျော် နဲ့ တခြားအမှတ်တံဆိပ်ပါပစ္စည်း ၄၂၀၀၀ မျိုးကို တွေ့ရှိပြီး စုစုပေါင်း တန်ဘိုး ဘတ်သန်းပေါင်း ၄၀ ကျော်မယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။
စစ်ဆေးချက်အရ ဆိုင်ပိုင်ရှင်က သူတို့အနေနဲ့ ဒီလုပ်ငန်းကို လုပ်ကိုင်လာတာ ၂ နှစ်ခန့်ရှိပြီဖြစ်ပြီး လေဟာပြင်ဈေး၊ ကျဘမ်းဈေးက ပြောင်အင်္ကျီနဲ့ တံဆိပ်ပုံစံတွေလာပေးပြီး အပ်နှံလုပ်ေ ဆာင်ခိုင်း တာဖြစ်ကြောင်း၊ အင်္ကျီတထည်ကို တံဆိပ်ထည့်ပေးချိန် ၂ မိနစ်သာကြာပြီး လက်ခအနေနဲ့ တ ထည်ကို ဘတ် ၅၀ မှ ၆၀ ထိ ရတယ်လို့ ပြောပါတယ်။
ဒီမတိုင်ခင် ရဲတွေက ဘန်ကောက် ပဒူနမ့်ဈေးကို ရှောင်တခင်ဝင်ရောက် စစ်ဆေးစဉ် တံဆိပ်တုပါ အ၀တ်တွေဖမ်းမိပြီး ကွင်းဆက်လိုက်လံစုံစမ်းကာ ဒီစက်ရုံကို ၀င်ဖမ်းခဲ့တာလို့ ဆိုပါတယ်။
ဆိုင်ပိုင်ရှင် ၂ ဦးကို တပါးသူတရားဝင်မှတ်ပုံတင်ထားသော ကုန်ပစ္စည်းအမှတ်တံဆိပ်ကို ပူးပေါင်း တုပမှု၊ တပါးသူအကျိုးစီးပွားထိခိုက်စေတဲ့ ပစ္စည်းအတုရောင်းချမှုတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး မြန်မာ အလုပ်သမား ၉ ဦးကတော့ တရားဝင်အလုပ်သမားလက်မှတ်ကိုယ်စီရှိတဲ့အတွက် တစုံတရာ အရေးယူ ခံရတာမရှိဘူးလို့ ရဲမှူးကြီး ချောင်ဝလစ်က သတင်းထောက်တွေကို ပြောသွားပါတယ်။
ဓာတ်ပုံ - manager.co.th