ပုလောတွင် ဆေးလိပ်မီးပစ်ရာမှ ဆီဂိုဒေါင်နှင့် နေအိမ် ၁၃ လုံး မီးလောင်
DVB
·
February 10, 2017
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ ဖေဖော်ဝါရီ ၉ ရက် ည ၁၁ နာရီက ရပ်ကွက်နေပြည်သူတဦး ဆေးလိပ်မီး ပစ်ချရာက ဆီဂိုဒေါင်ကို မီးကူးစက်ပြီး နေအိမ် ၁၃ လုံး မီးလောင်ခဲ့ပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်ပြီး စုံစမ်းရာ ထင်ဇော် (ခ) ထင်ဇော်မြင့်က စည်းကမ်းမဲ့ ဆေးလိပ်မီး ပစ်ချခဲ့ရာက နေအိမ်ဂိုဒေါင်ဘေးရှိ ဒီဇယ်ပီပါကို မီးကူးစက်ရာမှ စတင်လောင်ကျွမ်းခဲ့တာလို့ ပုလောမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ် ၅၅ သိန်းကျော်(၅၅၀၆၂၅၀ိ/-) နေအိမ် ၁၃ လုံးနဲ့ လူဦးရေ ၆၆ ဦးတို့ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
မီးပေါ့ဆစွာ အသုံးပြုတဲ့ ထင်ဇော် (ခ) ထင်ဇော်မြင့်ကို ပုလောမြို့မရဲစခန်းက (ပ) ၃၁/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ-၂၈၅ နဲ့ အမှုဖွင့်လှစ်ထားကြောင်း သိရပါတယ်။
သတင်း-ဇော်ဇော် (မြိတ်)၊ ဓာတ်ပုံ- ပုလော စိုင်းယုဒီ