မြန်မာလေပိုင်နက်ထဲ ပျံသန်းသည့် နိုင်ငံတကာလေယာဉ်များက အခွန်ငွေ နိုင်ငံတော်ကိုပေးသွင်း
DVB
·
February 7, 2017
မြန်မာနိုင်ငံ လေပိုင်နက်က ပျံသန်းတဲ့ နိုင်ငံတကာလေယာဉ်တွေဆီက ကောက်ခံရတဲ့ အခွန်ငွေတွေကို နိုင်ငံတော်အစိုးရကို အပတ်စဉ်ပေးသွင်းနေတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
“မြန်မာနိုင်ငံ လေပိုင်နက်ကနေ ဖြတ်သန်းမောင်းနှင်နေတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေ ကနေ လေယာဉ်ဖြတ်ကျော် ပျံသန်းမှုဝန်ဆောင်ခ ကောက်ခံလျက်ရှိပါတယ်။ ၁၉၃၄ ခုနှစ် လေကြောင်းဥပဒေကို အခြေခံပြီး ၁၉၄၈ ခုနှစ်ကနေ စတင်ပြီး လေယာဉ်အများဆုံး အလေးချိန်အပေါ် အပြည်ပြည်ဆိုင်ရာလေကြောင်းအဖွဲ့ချုပ် လမ်းညွှန်ချက်နဲ့အညီ တိုးမြှင့်ကောက်ခံနေပါတယ်။ ကောက်ခံရရှိတဲ့ အခွန်ငွေတွေကိုတော နိုင်ငံတော်အစိုးရကို အပတ်စဉ်ပေးအပ်နေပါတယ်” လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်။
ပွင့်ဖြူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း မေးမြန်းတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းများမှ မြန်မာနိုင်ငံ ဝေဟင်ပိုင်နက်များတွင် နေ့စဉ် ဖြတ်သန်းမောင်းနှင်လျက်ရှိသော အပြည်ပြည်ဆိုင်ရာလေယာဉ်များအား မည်သည့်ဝန်ကြီးဌာနမှ မည်သည့်ခုနှစ်တွင် စတင်၍ အခွန်မည်မျှ စည်းကြပ်ကောက်ခံပြီး ကောက်ခံရရှိသော အခွန်ဘဏ္ဍာများအား မည်သည့်နေရာတွင် သုံးစွဲသည်ကို သိလိုခြင်း မေးခွန်းအပေါ် ပြန်လည်ဖြေဆိုခဲ့တာပါ။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံ လေပိုင်နက်က ပျံသန်းသွားနေတဲ့ နိုင်ငံတကာလေယာဉ်အစီး ၆၀၀ ကျော်ကနေ နေ့စဉ် အခွန်ကောက်ခံနေတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
သတင်း - အောင်ဆန်းဦး