ဗန်းမောက်နှင့်ဝန်းသိုတွင် တရားမဝင်ကျွန်းသစ်နှင့် သစ်စက်များ ဖမ်းဆီးရမိ
DVB
·
February 5, 2017
စစ်ကိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်နဲ့ ဝန်းသိုမြို့နယ်တို့မှာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ပထမပတ်အတွင်း တရားမဝင်သစ်စက်နဲ့အတူ တရားမဝင်ကျွန်းသစ်တွေ ဖမ်းဆီးရမိတယ်လို့ ကသာခရိုင်သစ်တောဦးစီးဌာနက ပြောပါတယ်။
ကသာခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းနိုင် ဦးဆောင်တဲ့ သစ်တောဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းအဖွဲ့ဟာ ဖေဖေါ်ဝါရီ ၂ ရက်က နယ်မြေရှင်းလင်းရေးဆောင်ရွက်နေချိန် ဗန်းမောက်မြို့နယ် ပမုံရွာ အနောက်တောင်ဘက်မှာ သစ်စက် ၁ လုံး၊ ချိန်းဆော ၂ လက်၊ ကင်ဘို ၁၂၅ ဆိုင်ကယ် ၁ စီးတို့နဲ့ ကျွန်းသစ် ၃၃ လုံး ၇ ဒသမ ၈၁ တန်၊ ကျွန်းခွဲသား ၆၀ ချောင်း ၀ ဒသမ ၅၇၇ တန်၊ သစ်စက်ပိုင်ရှင်တွေဖြစ်တဲ့ ဗန်းမောက်မြို့နေသူ သိန်းဇော်၊ခင်ဇော်၊ တင်ဝမ်းနဲ့ ညိုဝင်းတို့ ၄ ဦးအားဖမ်းဆီးရမိပြီး ဗန်းမောက်မြို့မရဲစခန်းမှာ ပ(၁၄)ပြည်သူပိုင် ၆(၁)အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အလားတူ အဆိုပါအဖွဲ့က ဖေဖော်ဝါရီ ၃ ရက်နေ့က ဝန်းသိုမြို့နယ် ဖီလေးကြိုးဝိုင်းအတွင်း ကျွန်းသစ် နဲ့ ကျွန်းခွဲသား ၁ ဒသမ ၂၄၉၆ တန်၊ အင်သစ် ၃ လုံး ၀ ဒသမ ၆၃၆ တန် နဲ့ သစ်စက် ၁ လုံးတို့နဲ့အတူ သစ်စက်ပိုင်ရှင် ကောလင်းမြို့နေ ဘိုဘိုထွန်း ကိုပါဖမ်းဆီးရမိပါတယ်။
အဆိုပါကြိုးဝိုင်းအတွင်း ဆက်လက်ရှာဖွေရာ ကျွန်းသစ် ၁၄ လုံး၃ ဒသမ ၁၅၈ တန်၊ ကျွန်းခွဲသား ၁၈၄ ချောင်း ၀ ဒသမ ၈၃၅ တန်တို့ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိပြီး ဝန်းသိုမြို့မရဲစခန်းက ပြည်သူပိုင် ၆(၁) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေပါတယ်။
အဆိုပါအဖွဲ့ဟာ ကောလင်း၊ ပင်လည်ဘူး၊ အင်းတော်၊ ထီးချိုင့်မြို့နယ်တွေမှာလည်း နယ်မြေရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။