ရေးမြို့နယ် ပင်လယ်ပြင်တွင်း ငါးဖမ်းရင်း စကားများရာမှ လူသတ်မှုဖြစ်ပွား
DVB
·
December 31, 2016
ရေးမြို့အနောက်ဘက် ကပ္ပလီပင်လယ်ပြင် ငှက်ပျောကျွန်းအနီး ရေမိုင် ၅၀ ခန့်အကွာမှာ ဒီဇင်ဘာ ၃၀ ရက်နေ့ မနက်အစောပိုင်းက စကားများရာမှ လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ရေလုပ်ငန်းရှင် ဦးနိုင်ဝင်းဇော်ရဲ့ ငါးဖမ်းကျားဖောင်ပေါ်မှာ ကျားဖောင်ဦးစီး အောင်ကျော်မင်း၊ ကျားဖောင်လုပ်သားတွေဖြစ်တဲ့ နိုင်လင်းဦးနဲ့ ကျော်မြင့်တို့ ငါးဖမ်းနေရင်း စကားများပြီး ရန်ဖြစ်ခဲ့ကြတာပါ။
ဒီနောက် နိုင်လင်းဦးက ကျော်မြင့်ကို ပါးရိုက်၊ လက်သီးနဲ့ ထိုးခဲ့သလို အောင်ကျော်မင်းကလည်း ဆဲဆိုကာ ကျားဖောင်ပေါ်ရှိ အရှည် ၃ ပေခန့် ဝါးလုံးပိုင်းနဲ့ ရိုက်နှက်ခဲ့လို့ ဖောင်လုပ်သား ကျော်မြင့် လဲကျသေဆုံးခဲ့တယ်လို့ ဇီးဖြူသောင်စခန်းမှူး ရဲအုပ်အေးငြိမ်းဇော်က ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရေးမြို့မရဲစခန်းမှ ပြစ်မှုကျူးလွန်သူ ဖောင်ဦးစီး အောင်ကျော်မင်းနဲ့ ဖောင်လုပ်သား နိုင်လင်းဦးတို့ကို ဖမ်းဆီးပြီး အမှုဖွင့် အရေးယူထားပါတယ်။
သတင်း - နေမျိုးထွဋ်