Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ ငြိမ်းချမ်းရေးစကားဝိုင်း လုပ်မည်
DVB
·
December 31, 2016
dassk-peace-talk
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်း တခုကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ နေ့လည် ၂ နာရီ နေပြည်တော်မှာလုပ်မယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ လတ်တလော မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတုန်း ပြုလုပ်မယ့် ငြိမ်းချမ်းရေးစကားဝိုင်းဖြစ်ပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ်ပြုလုပ်မယ့် ငြိမ်းချမ်းရေးစကားဝိုင်းမှာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ လူငယ်မူဝါဒရေးဆွဲရေး ဖွဲ့ထားတဲ့ ကော်မတီထဲက လူငယ် ၁၈ ဦးနဲ့ ဆွေးနွေးပြောဆိုမှာ ဖြစ်ပါတယ်။ အချိန်ကပ်သွားတဲ့အတွက် အခုလူငယ်တွေကို ရွေးချယ်လိုက်ရတာဖြစ်ပြီး နောင်မှာလည်း အလားတူ စကားဝိုင်းမျိုး ဆက်လက်ပြုလုပ်သွားဖို့ရှိတယ်လို့ အတိုင်ပင်ခံရုံးသတင်းက ဆိုပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့က ဦးဆောင်သူတဦးဖြစ်တဲ့ စောထွန်းထွန်းက ငြိမ်းချမ်းရေးစကားဝိုင်းမှာ စစ်မက်ဖြစ်ပွားနေတဲ့ဒေသက တိုင်းရင်းသားလူငယ်တွေ ပါဝင်သင့်တယ်လို့ ပြောပါတယ်။ “ငြိမ်းချမ်းရေးကို တစိုက်မတ်မတ်လုပ်လာတဲ့ လူငယ်တွေရှိတယ်။ စစ်ဖြစ်နေတဲ့နေရာက မဟုတ်ရင်တောင်မှ စစ်ပွဲတွေရပ်ဖို့ ပြောနေတဲ့သူတွေ ရှိတယ်။ ဒီလိုလူငယ်တွေ ပါသင့်တယ်။ နောက် စစ်မက်ဖြစ်ပွားနေတဲ့၊ ဒုက္ခတွေ တကယ်ခံစားနေရတဲ့ ဒေသခံ ဥပမာ ကချင်ပြည်နယ်က လူငယ်တွေ ပါဝင်သင့်တယ်။ တိုင်းရင်းသားအရေး နာမည်တပ်ပြီး အလုပ်လုပ်နေတဲ့ တိုင်းရင်းသားလူငယ်တွေ မဖြစ်မနေ ပါဝင်သင့်တာပေါ့။” အခု စကားဝိုင်းလုပ်မယ့်ထဲ သူတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့က တဦးတယောက်မှ မပါဝင်ဘဲ စကားဝိုင်းလုပ်မယ်ဆိုတာကိုလည်း အွန်လိုင်းမှာတွေ့မှ သိရတယ်လို့လည်း ပြောပါတယ်။ အစိုးရသစ်လက်ထက် ဇူလိုင်လနောက်ဆုံးပတ်က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တိုင်းရင်းသားလူငယ်များအသံ ပါဝင်နိုင်ရေးအတွက် ရည်ရွယ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံကို ပြုလုပ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024