ဘိန်းအစားထိုးအဖြစ် လက်ဖက်ပင်များ ပြောင်းလဲစိုက်ပျိုးမည်
DVB
·
December 27, 2016
တိုင်းရင်းသားပြည်နယ်၃ခုမှာရှိတဲ့ ကျေးရွာပေါင်း ၄၀ ကျော်မှာ ဘိန်းအစားထိုးအနေနဲ့ လက်ဖက်ပင်တွေကို ပြောင်းလဲစိုက်ပျိုးကြဖို့ လျှောက်ထားတာတွေရှိတယ်လို့ မြန်မာနိုင်ငံ လက်ဖက်အသင်းက သိရပါတယ်။
ဘိန်းစိုက်တဲ့ တိုင်းရင်းသားဒေသအချို့မှာ ဘိန်းအစားထိုးလက်ဖက် စိုက်ပျိုးရေးအတွက် အများပိုင်ကုမ္ပဏီ တည်ထောင်ပြီး အရင်းအနှီးစိုက်ထုတ် စိုက်ပျိုးသွားမှာ ဖြစ်တဲ့အတွက် ပါဝင်ချင်တဲ့ ကျေးရွာတွေကို ဖိတ်ခေါ်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ လက်ဖက်အသင်း ဒုဥက္ကဋ္ဌ ဦးကျော်သီဟက ပြောပါတယ်။
လောလောဆယ် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ဘိန်းစိုက်ပျိုးတဲ့ကျေးရွာ ဆယ်ခုကို ရွေးချယ်ပြီး တစ်ရွာကို ဧက ၁၀၀ စီ စိုက်ပျိုးဖို့ လျာထားတယ်လို့ ဆိုပါတယ်။
ဘိန်းအစားအထိုး လက်ဖက်ဖွံ့ဖြိုးရေးအစီအစဉ်မှာ လက်ဖက်စိုက်ပျိုးရေး နည်းပညာပေးမှုတွေ၊ အရည်အသွေးမြင့် လက်ဖက်အခြောက်ခံစက်တွေကို အသင်းက ပံ့ပိုးပေးဖို့ အစီအစဉ်တွေ ရှိနေပါတယ်။
သတင်း - AMIA