ကျောက်မဲမြို့ ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းသို့ စစ်ရှောင်ဒုက္ခသည် ၁၅၀ ကျော် ရောက်ရှိ
DVB
·
December 20, 2016
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ ကမ္ဘောဇ ရှမ်းဘုန်းကြီးကျောင်းကို စစ်ရှောင်ဒုက္ခသည် ၁၅၀ ကျော်လောက် ရောက်ရှိလာပါတယ်။
တီအန်အယ်လ်အေ လက်နက်ကိုင်အဖွဲ့တွေဟာ မြန်မာ့တပ်မတော် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်အတွင်းက ကျေးရွာတွေကို ချဉ်းကပ်လာတယ်လို့ သတင်းတွေ ထွက်ပေါ် လာပြီးနောက် ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းကရောက်ရှိလာခဲ့ကြတာလို့ စစ်ရှောင်ကျေးရွာသားတွေက ပြောပါတယ်။
ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ ကျောက်မဲမြို့ အနောက်ဘက် ၄ မိုင်ခန့်အကွာ နမ့်စော့ကျေးရွာကဖြစ်ပြီး သက်ကြီးရွယ်အိုတွေနဲ့ မကြာခင် စာမေးပွဲဖြေဆိုမယ့် ကျောင်းသား ကျောင်းသူတွေလည်း ပါရှိပါတယ်။
ဒုက္ခသည်တွေကို ကျောက်မဲမြို့ မြို့မိမြို့ဖ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကော်မတီအဖွဲ့နဲ့ ဌာနဆိုင်ရာ အသီးသီးတို့က ကူညီစောင့်ရှောက်ပေးလျက် ရှိပါတယ်။
အခုလို ဖြစ်ပေါ်နေတဲ့အတွက် လက်ရှိ စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသူကျောင်းသားတွေ အတွက် ကျန်းမာရေးနဲ့ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ မြို့ခံလူထုက ပြောပါတယ်။