စီးပွားရေးအကျ - ဒေါ်နယ်ထရမ့် အတက်
DVB
·
December 8, 2016
မာကွမ်းယွမ်
(မာကွမ်းယွမ်သည် တရုတ်ပြည်မှ ထင်ရှားသော လွတ်လပ်သည့် စီးပွားရေးပညာရှင်တယောက် ဖြစ်ပါသည်။ မာကွမ်းယွမ်သည် China Central Television တွင် ဘဏ္ဍာရေး ဝေဖန်သုံးသပ်သူအဖြစ်လည်း တာဝန်ထမ်းဆောင်ပြီး သူ့ဆောင်းပါးများကို Financial Times Chinese နှင့် Southern Weekly စသည့်စာစောင်များတွင်လည်း ပုံနှိပ်ဖော်ပြပါသည်။)
တရုတ်စီးပွားရေးပညာရှင် မာကွမ်းယွင်က- အမေရိကန် ရွေးကောက်ပွဲရလဒ်မှာ ယနေ့ စီးပွားရေးလောက၏ ကျင့်ဝတ်ကင်းမဲ့နေပုံ၊ အထူးသဖြင့် တရုတ်ပြည်နှင့် ပတ်သက်ပြီးဖြစ်နေသည့် အခြေအနေကို ပြောပြနေသည်ဟု ဆိုပါသည်။
ထရမ့် တစ္ဆေခြောက်မှုသည် တကမ္ဘာလုံးကို တုန်လှုပ်သွားစေသည်။ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုရှိ အဓိကမီဒီယာကြီးများက ရွေးကောက်ပွဲ ကြိုတင်အစမ်းကောက်ခံမှု (Polls) များနှင့် ရွေးကောက်ပွဲရလဒ်များ အဘယ်ကြောင့် အလွန်အမင်း ခြားနားနေသနည်း ဆိုသည်ကို ပြန်လည်သုံးသပ်နေကြသည်။ သို့သော်လည်း သူတို့သည် အခြေခံ အကြောင်းရင်းများကို ရှာတွေ့ကြမည် မဟုတ်ပေ။
လူ့အဖွဲ့အစည်းက ပြောင်းလဲနေသည်။ စီးပွားရေးကလည်း တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်နေသည်။ သို့သော်လည်း ကြီးမားသည့် စီးပွားပျက်ကပ်ဆိုက်တိုင်း- ရောက်မလာမီ ကြိုတင်၍ ဟောကိန်းမထုတ်နိုင်ခဲ့ကြ။ ထိထိရောက်ရောက် မည်သို့ ကိုင်တွယ်ဖြေရှင်းရမည် ဆိုသည်ကိုလည်း အဆိုမပြုနိုင်ကြသလို၊ စီးပွားပျက်ကပ်အတွင်း ဖြစ်ပေါ်လာမည့် လူ့အဖွဲ့အစည်း အကွဲအပြဲများကိုလည်း မကာကွယ်နိုင်ကြချေ။
၂၀၀၈ ခုနှစ် စီးပွားပျက်ကပ်ကတည်းက ငွေကြေးဆိုင်ရာ ဖြေလျှော့မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ မက်လုံးပေးမှုများက စီးပွားရေးယိုယွင်းမှုကို ကုသမပေးနိုင်ဘဲ လူတန်းစားများအကြား ပိုမိုကြီးမားသည့် ကွာဟမှုများကိုသာ ဖြစ်ပေါ်စေခဲ့လေသည်။ အခြေခံအကြောင်းရင်းမှာ စီးပွားရေးက နည်းပညာ တိုးတက်လာမှုနှင့်အတူ ရှေ့သို့ တိုးတက်နေသော်လည်း စီးပွားရေး အခြေခံအုတ်မြစ်နှင့် လူ့အဖွဲ့အစည်းက တိုးတက်မှုမရှိဘဲ ငြိမ်နေခြင်း ဖြစ်သည်။
ကျင့်ဝတ်ရှိသော စီးပွားရေး
အစောပိုင်း စီးပွားရေး၏ အကျဉ်းချုပ်မှာ နိုင်ငံတော်နှင့် ပုဂ္ဂလိကတို့၏ အဆုံးစွန် ရည်မှန်းချက်ကို လေ့လာရန်ပင် ဖြစ်သည်။ စီးပွားရေးပညာ၏ ဖခင်ကြီး အဒမ်စမစ်မှာ ဒဿနဗေဒနှင့် လူ့ကျင့်ဝတ်ဗေဒ ပါမောက္ခတယောက် ဖြစ်သည်။ စမစ်အနေဖြင့် သူ့ဘဝတလျှောက်လုံး မည်သည့်စီးပွားရေးသင်ခန်းစာကိုမှ သင်ကြားမပေးခဲ့ချေ။ “မမြင်ရသောလက်” ဆိုသည့် အယူအဆကို သူ တင်ပြခဲ့စဉ်က ဈေးကွက်နောက်ကွယ်ရှိ စိတ်ပိုင်းဆိုင်ရာ အချက်အလက်များကို ပိုမိုအာရုံစိုက်ခဲ့ခြင်း ဖြစ်သည်။ သူ ယုံကြည်သည်ကား ဈေးကွက်ဆိုသည်မှာ စိတ်ဓာတ်ပင် ဖြစ်သည်။ အကြောင်းမှာ လူတိုင်းသည် အတ္တအကျိုးစီးပွားနောက်လိုက်ရင်း လူမှုရေး အကျိုးစီးပွားဆိုင်ရာ တိုးတက်မှုနှင့် ဖွံ့ဖြိုးမှုတို့အတွက် တက်လှမ်းရှာနေသောကြောင့် ဖြစ်သည်။
မက္ကရိုစီးပွားရေးပညာရပ်ကို အုတ်မြစ်ချသူ ကိန်းစ်က စီးပွားရေး ဆိုသည်မှာ အနှစ်သာရအားဖြင့် ကိုယ်ကျင့်သိက္ခာဆိုင်ရာ သိပ္ပံပညာဆိုသည့် ကျင့်ဝတ်အကြောင်းပင် ဖြစ်ကြောင်း ရှင်းချက်ပေးသည်။ အတိတ်က ကျော်ကြားထင်ရှားခဲ့သော စီးပွားရေးပညာရှင် အားလုံးက လူသားဖွံ့ဖြိုးတိုးတက်မှု၊ ကိုယ်ကျင့်သိက္ခာ တိုးတက်မှုနှင့် လူ့အဖွဲ့အစည်းမှ နိမ့်ပါးသူများ၏ ကံကြမ္မာ စသည်တို့ကို ၎င်းတို့၏ မစ်ရှင်အဖြစ် ခံယူသည်။ နောက်ပိုင်းတွင် စီးပွားရေးကို သုတေသနပြုလုပ်သည့် အချက်အလက်များမှာ ပို၍ပို၍ တိကျလာသည်၊ အဆိုပါနယ်ပယ်မှာ ပို၍ပို၍ကျယ်ဝန်းလာပြီး မိုဒယ်ပုံစံများမှာ ပို၍ပို၍ ရှုပ်ထွေးလာသည်။ သို့သော် ကိုယ်ကျင့်သိက္ခာနှင့် ကျင့်ဝတ်ဆိုင်ရာတို့မှ ပို၍ပို၍ ဝေးကွာသွားလေသည်။ “အစွမ်းကုန်ချဲ့ထွင်ခြင်း” (maximization) ကို အဓိကစဉ်းစားဆင်ခြင်သည့် ပုံစံအဖြစ် ယူကာ လေ့လာခြင်းက စီးပွားရေးပညာကို စက်ရုပ်ကဲ့သို့သော စွမ်းဆောင်ရည် ပညာရပ်အဖြစ် ယိုယွင်း ဆုတ်ယုတ်သွားစေလေတော့သည်။
စီးပွားရေးပညာရပ်သည် စွမ်းဆောင်ရည်ကို စိတ်ဖြာလေ့လာချက်မှလွဲ၍ ဘာမျှမဟုတ်သော ပညာရပ်ဖြစ်၍လာသည်။ အဆိုပါ ပညာတွင် လူသား၏ စဉ်းစားတွေးတောမှုအပေါ် အသားပေး အလေးထားမှု ပျောက်ဆုံးခဲ့သည်။ စွမ်းဆောင်ရည်ကို အဆုံးစွန် ပန်းတိုင်အဖြစ် ထားခြင်းဖြင့် နိမ့်ပါးသည့် လူအုပ်စုများ၏ လိုအပ်ချက်များ သို့မဟုတ် မျှတခြင်းနှင့် တရားသဖြင့်ဖြစ်ခြင်းတို့ကို မည်သို့ ဖွင့်ဆိုမည်ဆိုသည့် ကိစ္စများကို ထည့်သွင်းတွက်ချက်ရန် မဖြစ်နိုင်တော့ပေ။
ငွေကြေးပေါ်လစီ
လွန်ခဲ့သည့် ဘဏ္ဍာရေးအကျပ်အတည်းကာလက လျော့တိရဲလျော့ရဲ ငွေကြေးပေါ်လစီ၏ အကြီးမားဆုံး အနုတ်လက္ခဏာဆောင်သည့် သက်ရောက်မှုမှာ ၎င်းက ဓနဥစ္စာခွဲဝေမှုပုံစံကို ပိုမိုဆိုးရွားစေခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်လည်ထိန်းညှိသည့် လုပ်ငန်းစဉ်တွင် အလွန်ကြီးမားများပြားသည့် ငွေသားများကို အရင်းအနှီးဈေးကွက်၊ အိမ်ခြံမြေနှင့် အခြားဈေးကွက်များအတွင်း ဖြေလွှတ်ပေးလိုက်ခြင်းဖြင့် ဓနဥစ္စာတို့၏ တန်ဖိုးကို ပူဖောင်းသဖွယ် ဖောင်းပွလာစေရန် ဖန်တီးလိုက်သလို ဖြစ်ခဲ့လေသည်။
အလျှံအပယ်ချမ်းသာသော လူတန်းစားက ချမ်းသာကြွယ်ဝမှု လျော့ကျသွားသည့် ကပ်ဆိုးကို ငွေကြေးပူဖောင်းဖြင့် ဖြေရှင်းခဲ့သည်။ ဤသို့အားဖြင့် ချမ်းသာကြွယ်ဝသူများမှာ အထိအခိုက်မရှိရုံမက အက်ဆက်တို့ တန်ဖိုးတက်သွားသဖြင့် ချမ်းသာပြီးရင်း ချမ်းသာရင်း ဖြစ်နေပေတော့သည်။ သို့သော်လည်း အလယ်အလတ်နှင့် အောက်ဆုံးအဆင့် ဝင်ငွေနည်းပါးသည့် လူတန်းစားများမှာ ဗဟိုဘဏ်က လွှတ်ဖြေပေးသည့် ငွေအတွက် အစစ်အမှန် စီးပွားရေးဆုတ်ယုတ်မှု နည်းလမ်းဖြင့် ပေးဆပ်ကြရသည်။ သူတို့၏ ဝင်ငွေများ ကျုံ့သွားကြသည်။
ဤကိစ္စမှာ တကမ္ဘာလုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တရုတ်ပြည်လည်း မလွတ်ချေ။ ၂၀၀၈ ခုနှစ်က တရုတ်ပြည်တွင် အလွန်ကြီးမား များပြားသော ငွေကြေးပမာဏကို ဈေးကွက်အတွင်းသို့ ဖြေလွှတ်ပေးခဲ့ရာ အက်ဆက်တန်ဖိုးများ ပူဖောင်းသဖွယ် ထိုးတက်သွားလေသည်။ အထူးသဖြင့် အိမ်ခြံမြေတန်ဖိုးများ ဖောင်းပွခဲ့လေသည်။ အစစ်အမှန် စီးပွားရေးနှင့် ထုတ်လုပ်ရေးက ထိုင်းမှိုင်း နေစဉ်တွင် အိမ်ခြံမြေဈေးကွက်က အစိုးရ ဦးဆောင်သည့် ရုတ်တရက် တန်ဖိုးထိုးတက်မှုဖြစ်ခဲ့ရာ အထက်တန်းလွှာသူဌေးများအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံစရာနေရာ ဖြစ်လာတော့သည်။ ယခုအခါ မြို့ကြီးတချို့တွင် အိမ်ခြံမြေပိုင်ဆိုင်မှု ဆိုသည်မှာ နေထိုင်ရန် နေရာရှိဆိုသည့် အဓိပ္ပာယ်ထက် ချမ်းသာကြွယ်ဝခြင်းနှင့် အဆင့်အတန်းပြ အမှတ်သင်္ကေတအဖြစ် မှတ်ယူကြလေသည်။
တရုတ်ပြည်၏ အဓိကမြို့ကြီးများတွင် ဆန့်ကျင်ဘက်လူတန်းစားနှစ်ရပ် တဖြည်းဖြည်း ဖြစ်တည်လာနေသည်။ အိမ်ခြံမြေရှိသူနှင့် အိမ်ခြံမြေမရှိသူ။ အိမ်ခြံမြေ ပိုင်ဆိုင်သည့် လူတန်းစားက အိမ်ခြံမြေဈေး ပူဖောင်းပမာ ဖောင်းပွလာအောင် ဝမ်းသာအားရ လုပ်နေစဉ်တွင် အိမ်ခြံမြေ မပိုင်ဆိုင်သည့် လူတန်းစားက သက်ပြင်းခါခါချရုံသာ ရှိတော့သည်။ တရုတ်ပြည်တွင် အိုးအိမ်ပြဿနာမှာ လူအဖွဲ့အစည်းဆိုင်ရာ မရှိမဖြစ်နှင့် တန်းတူညီမျှရေးတွင် အတားအဆီးသဖွယ် ဖြစ်လာနေသည်။ ၂၀၀၈ ခုနှစ် စီးပွားရေး အကျပ်အတည်းဖြစ်စဉ်က အိမ်ခြံမြေမှာ ဒေသဆိုင်ရာ အစိုးရများအတွက် ဘဏ္ဍာရေးရင်းမြစ် ဖြစ်လာခဲ့သည်။ ဤအရာအားလုံးမှာ လူအဖွဲ့အစည်း၏ စိတ်ဓာတ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှု ဖြစ်ခဲ့လေသည်။
“၂၁ ရာစုမှ အရင်းအနှီး” စာအုပ်တွင် ပြင်သစ် စီးပွားရေးပညာရှင် သောမတ်စ် ပီကက်တီက လူသားများအတွင်း ညီမျှမှုမရှိသော စီးပွားရေးရေသောက်မြစ်များကို ဖော်ထုတ်တင်ပြထားသည်။ အဆိုပါစာအုပ်ကို ကမ္ဘာတဝန်းမှ အကြီးအကျယ် တုံ့ပြန်ခဲ့ကြသည်။ ပီကက်တီ၏ သုတေသနက- အရင်းအနှီးဖြင့် ရှာဖွေရဝင်ငွေမှာ ကာယလုပ်အားဝင်ငွေထက် သာလွန်ပြီး ချမ်းသာနှင့် ဆင်းရဲ အကြား ကွာဟသည့် အဓိကအကြောင်းရင်း ဖြစ်သည်ဟု ဆိုပါသည်။
ဤသည်နှင့်ပတ်သက်၍ တရုတ်ပြည်တွင် သက်သေသာဓကများစွာ ရှိပါသည်။ ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ GDP တွင် ပါဝင်သည့် လုပ်အားခအချိုးမှာ ၅၃ ဒသမ ၄ ရာခိုင်နှုန်းမှ ၃၉ ဒသမ ၇၄ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။ သို့သော်လည်း အရင်းအနှီးဖြင့် ရှာရဝင်ငွေမှာ ဆက်လက် အတက်ပြနေသည်။ GDP တွင် စီးပွားရေးလုပ်ငန်းများ၏ ပါဝင်မှုအချိုးသည် ၂၁ ဒသမ ၂၃ ရာခိုင်နှုန်းမှ ၃၁ ဒသမ ၂၉ ရာခိုင်နှုန်းအထိ တိုးတက်လာသလို တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် ဝင်ငွေဖြန့်ခွဲမှု မမျှတဆုံးနိုင်ငံများထဲမှ တနိုင်ငံ ဖြစ်လာသည်။
တရုတ်ပြည်၏ ပြည်သူ့ရေးရာမူဝါဒမှာ ဖွံ့ဖြိုးရေးနှင့် စွမ်းဆောင်ရည်အပေါ်မှာသာ အာရုံမစိုက်သင့်ဘဲ မျှတမှုနှင့် ချမ်းသာခွဲဝေရေးအပေါ်လည်း အာရုံစိုက်သင့်သည်။ ကျနော့်အနေဖြင့် အမြဲလိုလို ခံစားခဲ့ရသည်မှာ တရုတ်ပြည်အနေဖြင့် ဝင်ငွေဖြန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးကို မလုပ်ဘဲ အမြဲလိုလို အချိန်ဖြုန်းနေခဲ့ခြင်း ဖြစ်သည်။ ကျနော်တို့အနေဖြင့် သတိထားသင့်သည်မှာ တရုတ်ပြည်၏ စီးပွားရေး ပြုပြင်ပြောင်းလဲရေး သိပ်ခက်ခဲနေရသည့် အကြောင်းမှာ ဝင်ငွေခွဲဝေပုံ မညီမျှခြင်းအပေါ်တွင် မူတည်သည်။ ပြုပြင်ပြောင်းလဲရေးသည် လူအနည်းတကာ့ အနည်းစုကို ပုံမှန်မဟုတ်သည့် လမ်းကြောင်းများမှ အကျိုးဖြစ်ထွန်းစေခဲ့သည်။ ဤသည်က နောက်ပိုင်းတွင် စီးပွားရေးတုံ့ဆိုင်းမှု ဖြစ်စေပြီး မျှတမှုနှင့် စွမ်းဆောင်ရည် ဆုံးရှုံးမှုကို ဦးတည်နေလေသည်။
ထရမ့်၏ အောင်ပွဲက ကျနော်တို့ကို ပြောပြနေသည်မှာ “ဆင်းရဲ၊ ချမ်းသာ ကြီးကြီးမားမား ကွဲပြားနေသည့် လူ့အဖွဲ့အစည်းတရပ်သည် စိုးရိမ်စရာ မတည်ငြိမ်မှုများကို သယ်ဆောင်လာလိမ့်မည်” ဆိုသည့်အချက် ဖြစ်သည်။ စီးပွားရေးပညာနယ်ပယ်တွင် ကျင့်ဝတ်နှင့် မျှတမှုတို့ ပြန်လည်ပါဝင်ရန် လိုအပ်နေပေပြီ။ သို့မဟုတ်ပါက ထရမ့်၏ “မတော်တဆ အောင်ပွဲ” (accidental triumph) မျိုး ဖြစ်လာဖို့ သေချာပေါက် ကြိုတင်ဟောကိန်းထုတ်နိုင်ပါလိမ့်မည်။
ရဲထွန်း (သီပေါ)
Epoch Times မှ Ma Guangyuan |၏ The Decline of Economics and the Rise of Donald Trump ကို ဆီလျော် အောင်ဘာသာပြန်ပါသည်။