ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်၊ အဝေးသင်ကျောင်းသား ၁ ဦးသေဆုံး
DVB
·
November 24, 2016
ဟင်္သာတမြို့နယ်မှာ မနေ့ ညက ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိတဲ့အတွက် အဝေးသင်ကျောင်းသားတဦး သေဆုံးခဲ့ပါတယ်။
နိုဝင်ဘာလ ၂၃ ရက် ည ၈ နာရီအချိန်မှာ ဟင်္သာတမြို့နယ် အင်္ဂပိုလ်လမ်းမပေါ်မှာ ဟင်္သာတမြို့ဘက်မှ လယ်တီကွင်းဘက်သို့ ဇော်ထက် မောင်းနှင်ပြီး အဝေးသင်ကျောင်းသား သန့်ဇင်နိုင်တို့ စီးနင်းလိုက်ပါတဲ့ ဆိုင်ကယ်နဲ့ စိုးအောင် မောင်းနှင်ပြီး အောင်သက်နဲ့ လှိုင်ဝင်းဦးတို့ ၃ ဦး စီးနင်းလာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ ဇော်ထက် မောင်းနှင်ပြီး ဇလွန်မြို့နယ် ပက်တန်းအုပ်စု ပန္နယာကျေးရွာနေသူ စတုတ္ထနှစ်မြန်မာစာ (အဝေးသင်)တက်ရောက်နေတဲ့ သန့်ဇင်နိုင် (အသက် ၂၂ နှစ်) ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ ၁ ချက်နဲ့ ယာဘက်မျက်လုံးဖူးယောင်ပေါက်ပြဲဒဏ်ရာ တချက်ရရှိကာ သေဆုံးခဲ့ပါတယ်။
ဆိုင်ကယ်မောင်းနှင်သူများဖြစ်တဲ့ ဇော်ထက်နဲ့ စိုးအောင်တို့ ၂ ဦးကို ဥပဒေအရ အရေးယူပေးဖို့ ရဲအုပ်ဇော်လင်းထွန်းမှ တရားလိုပြုလုပ်ပြီး ဟင်္သာတအမှတ်(၁) မြို့မ ရဲစခန်းတွင် ယာဉ်(ပ) ၇၁/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၄ က/၃၃၇/၂၇၉ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
တရားခံဇော်ထက်ကို ဖမ်းဆီးထားပြီး စိုးအောင်မှာ ဆေးရုံတက်ကုသနေရတဲ့အတွက် ဆေးရုံမှ ဆင်းလျှင်ဖမ်းဆီးပြီး ရဲလုပ်ငန်းစဉ်တွေကို လုပ်ထုန်းလုပ်နည်းနဲ့အညီ ဆောင်ရွက် သွားမယ်လို့ တာဝန်ရှိ ရဲအရာရှိတဦးက ပြောပါတယ်။
သတင်း၊ ဓာတ်ပုံ - ကိုကြက် (ဟင်္သာတ)