မိုးညှင်းတွင် ကျောင်းဆရာ၏ နေအိမ်ဖောက်ထွင်းခံရ
DVB
·
November 19, 2016
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ နိုဝင်ဘာ ၁၇ ရက်နေ့လယ်က ကျောင်းဆရာ ဦးမောင်မြင့် ကျောင်းသွားနေချိန် နေအိမ်ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။
ဖြစ်ပွားပုံမှာ မိုးညှင်းမြို့ စိမ်းရတနာမွန်တောင်ရပ်ကွက်နေ ကျောင်းဆရာဦးမောင်မြင့်ဟာ မိုးညှင်းအထက ၁ ကျောင်းကနေ နေ့လယ် ထမင်းစားပြန်လာစဉ် နေအိမ်တံခါးသော့ ပျက်စီးနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
နေအိမ်အတွင်းစစ်ဆေးရာ အပေါ်ထပ်အိပ်ခန်းရှိ ဗီရိုသော့ ဖျက်ထားတာကို တွေ့ရှိလို့ စစ်ဆေးခဲ့ရာ ဗီရိုအတွင်း သံဘူးနဲ့သိမ်းဆည်းထားတဲ့ ရွှေထည်ပစ္စည်း ၈ မျိုးနဲ့ ငွေ ၁၀ သိန်း အပါစုစုပေါင်းကာလတန်ဖိုး ၇၃ သိန်း ဖိုးပျောက်ဆုံးနေလို့ ပတ်ဝန်းကျင်နေအိမ်တွေကို လိုက်လံစုံစမ်းမေးမြန်းပေမယ့် မတွေ့ရှိလို့ မိုးညှင်းရဲစခန်းကို ည ၈ နာရီကျော်မှာ လာရောက်တိုင်တန်းခဲ့တာလို့ ရဲစခန်းက ပြောပါတယ်။
မိုးညှင်းရဲစခန်းမှ (ပ)၁၄၉/၁၆ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အမှုဖွင့်ထားပြီး အမှုစစ်ဒုရဲအုပ်တင်ဝင်းက တရားခံဖမ်းမိနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရပါတယ်။