မြေပုံမြို့နယ်တွင် ဂျပန်ခေတ် ဗုံးသီးများ ထပ်မံတွေ့ရှိ
DVB
·
November 1, 2016
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ ရွာသားတွေက ဘုရားဟောင်းစေတီပုထိုးရှိ ချုံတွေနဲ့ မြေသားတွေကို ရှင်းလင်းရာကနေ ဂျပန်ခေတ်ကလို့ ယူဆရတဲ့ ဗုံးသီးနှစ်လုံးထပ်မံ တွေ့ရှိပါတယ်။
မြေပုံမြို့နယ်မှ ၃ မိုင်ခန့် ကွာဝေးတဲ့ ကံသာကျေးရွာမှ ဒီနေ့ မနက်ပိုင်းက အလျား ၁၄ လက်မရှိတဲ့ဗုံးသီးတလုံးနဲ့ အလျား ၈ လက်မအရွယ်အစားရှိတဲ့ ဗုံးသီးတလုံး ထပ်မံတွေ့ခဲ့တာလို့ မြေပုံအုပ်ချုပ်ရေးမှူး ဦးတင်ရွှေကဒီဗွီဘီကိုပြောပါတယ်။
“ဒီနေ့ မနက်ပိုင်းက စေတီပုထိုးမြေတွေကို ရှင်းလင်းရာကနေ ထပ်မံလို့ ၂လုံးတွေ့ရှိပါတယ်။ တလုံးကတော့ နည်းနည်းကြီးတယ်ဗျ။ အလျား ၁၄ လက်မ၊ လုံးပတ်က ၁၂ လက်မရယ်၊ အချင်းထိပ်ဝက ၄ လက်မလောက်ရှိပါတယ်။ အခြားတစ်လုံးကတော့အလျား ၈လက်မရှိပါတယ်။ ဂျပန်ခေတ်ကလက်ကျန် ဗုံးတွေလို့ ယူဆပါတယ်။ မပေါက်ကွဲဘဲကျန်ခဲ့တဲ့ဟာတွေပေါ့။ လောလောဆယ်မှာတော့တပ်ကို ကျနော်တို့ အကြောင်း ကြားထားပါတယ်။”
လက်ရှိမှာတော့ မပေါက်ကွဲရအောင် အဲ့ဒီဗုံးတွေ့တဲ့နေရာမှာ လုံခြုံရေးတွေနဲ့ သိမ်းဆည်းထား တယ်လို့ ပြောပါတယ်။
အောက်တိုဘာ ၃၀ ရက်ကလည်း ကံသာကျေးရွာတောင်ဖက်မှာရှိတဲ့ အံထူးကံသာ စေတီတော်(ဓာတ်တောင်) ပေါ်ရှိတဲ့ ဘုရားပြန်လည်တူးဖော်စဉ်မှာ အလျား ၈ လက်မ၊ လုံးပတ် ၈ လက်မခွဲ၊ အချင်း ၃ လက်မအရွယ် အစားရှိတဲ့ဗုံးသီး၎လုံးတွေ့ရှိခဲ့ပြီး တပ်က လာရောက်သိမ်းဆည်း သွားပါတယ်။