ရှမ်းနီပြည်နယ်ရရှိရေး ရှမ်းနီတိုင်းရင်းသားများ မိုးညှင်းတွင် ဆန္ဒပြ
နော်နိုရင်း
·
October 13, 2016
ရှမ်းနီလူမျိုးအမည်မှန် သတ်မှတ်ပေးရေးနဲ့ ရှမ်းနီပြည်နယ်ရရှိရေးအတွက် ဒေသအသီးသီးက ရှမ်းနီပြည်သူသောင်းချီ ဒီကနေ့ မနက်ပိုင်းက ကချင်ပြည်နယ် မိုးညှင်းမြို့မှာ စုရုံး ဆန္ဒပြနေကြပါတယ်။
ဆန္ဒထုတ်ဖော်ရတာနဲ့ပတ်သက်လို့ ဆန္ဒထုတ်ဖော်ရမှာ ပါဝင်သူ ရှမ်းနီလူငယ်အဖွဲ့ချုပ်ရဲ့ တွဲဖက်အတွင်းရေးမှူး ၁ ကိုရင်ဝင်းထွန်းက “အဓိကတော့ ကျနော်တို့ ရှမ်းနီလူမျိုးအမည်မှန် ဖော်ထုတ်ရေးပေါ့နော်။ ပြီးတော့ ကျနော်တို့ ဖိုးဖွားပိုင်မြေတွေ၊ အရင်က ကျနော်တို့ ဆုံးရှုံး ထားတဲ့မြေတွေ ပြန်လည်ရရှိပြီးတော့ ကျနော်တို့ ရှမ်းနီလူမျိုးအနေနဲ့ ပြည်နယ်သတ်မှတ် ပေးရေးပေါ့။ အဓိက အဲဒီ ၂ ချက်ပါပဲ ကျနော်တို့ကတောင်းဆိုတာ။”လို့ပြောပါတယ်။
မိုးညှင်းမြို့ရဲ့ ရွှေသာလျောင်းဇာတ်ရုံမှာ ဒီကနေ့မနက် ၈ နာရီက စုရုံးပြီး ရှမ်းနီလူမျိုး အမည်မှန်ဖော်ထုတ်ပေးရေး၊ တိုင်းရင်းသားတန်းတူအခွင့် အရေးရရှိရေး၊ ရှမ်းနီပြည်နယ်ရရှိရေး စတဲ့ ပိုစတာတွေ ကိုင်ဆောင် ကြွေးကြော်ကာ မြို့တွင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဒီဆန္ဒထုတ်ဖော်ပွဲမှာ ဟုမ္မလင်း၊ခန္တီး၊ ၀ိုင်းမော်၊ မိုးကောင်း၊ မြစ်ကြီးနား၊ မန္တလေး၊ အင်းတော်ကြီး အစရှိတဲ့ဒေသက ရှမ်းနီလူမျိုး သောင်းချီ ပါဝင်ခဲ့ကြပါတယ်။
ရှမ်းနီလူမျိုးတွေဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ ရှေးယခင်က တည်းကနေထိုင်လာခဲ့ပြီး အခုချိန်မှာ သီးခြားနယ်မြေမရှိတဲ့အပြင် စာပေနဲ့ စကားတွေပါ တိမ်ကောပပျောက်လုနီးပါးဖြစ်နေတဲ့အတွက် အခုလို ကြိုးပမ်းဆောင်ရွက် လာကြတာဖြစ်ပါ တယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ကုန်ပိုင်းက ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ညီလာခံမှာလည်း ရှမ်းနီပါတီ (TNDP) ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ရှမ်းနီပြည်နယ် သတ်မှတ်ပေးရေးကို တင်ပြတောင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့တုန်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ ရှမ်းနီပြည်နယ်ရရှိရေးအတွက် လူ သောင်းနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။