မဟာမြိုင်လမ်းတွင် ဈေးသည်တဦး ရိုက်နှက်ထိုးကြိတ် လုယက်ခံရ
DVB
·
October 6, 2016
ကလေးဝ - မုံရွာ ကားလမ်းပိုင်း မဟာမြိုင်လမ်း ပေါ်ရှိ မိုင်တိုင်အမှတ် (၉၆/၇) နဲ့( ၉၇/၀) အကြား ညောင်ကားယာဆိုတဲ့ နေရာမှာ အောက်တိုဘာလ ၅ ရက်နေ့က ရိုက်နှက် လုယက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။
“အမျိုးသမီးတဦး ရိုက်နှက် အလုခံရတာပါ။ အဲဒီ လမ်းဘက်ရွာစဉ်ထိုး ဆိုင်ကယ်နဲ့ ကုန်ရောင်းအပြန် အဖော်တွေနဲ့ အုပ်စုကွဲသွားတယ်။ ဒီတော့ တယာက်တည်း ပြန်လာတဲ့အချိန် လမ်းမှာ အမျိုးသားနှစ်ဦးက တားပြီး မျက်နှာကို ဝါးလုံးနဲ့ရိုက်လုတာလို့ သိရတယ် " လို့ ကလေးခရိုင်ရဲဝန်ထမ်းတဦးက ပြောပါတယ်။
ရိုက်နှက် ပစ္စည်းအလုခံရသူမှာ ကလေးမြို့ တောင်ဦးကျေးရွာနေ အသက် ၃၅ နှစ်အရွယ် မခင်မိုးကြည်ဆိုတဲ့ အမျိုးသမီးတဦးဖြစ်ပြီး မျက်ရိုး၊ လည်ပင်း၊ အပေါ်နှုတ်ခမ်းတွေမှာ ဖူးရောင်ဒဏ်ရာ ရရှိခဲ့ပြီး ဘယ်ဘက်ခြေမ ပြတ်ရှဒဏ်ရာတချက်နဲ့ ဦးခေါင်း နာကျင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ဘယ်ဘက်ခြေမကတော့ ပစ္စည်းလုယူသူတွေက ဓားမနဲ့ ခုတ်သွားတာကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာဖြစ်တယ်လို့လည်း သိရပါတယ်။
ရိုက်နှက်လုယက်မှုဖြစ်စဉ် ကျူးလွန်သူတွေဟာ အမျိုးသားနှစ်ဦးဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေကာ လုယက်မှုမှာ ငွေ ၁၀ သိန်းကျော်တန်ဖိုးရှိ ရွှေနဲ့ ငွေ ၃ သိန်းကျော် ပါသွားတယ်လို့ မခင်မိုးကြည်က ဆိုပါတယ်။
ရိုက်နှက် လုယက်မှုကျူးလွန်သူအမျိုးသားနှစ်ဦးကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေမှုတွေ ဆောင်ရွက်နေပြီး ရာဇသတ်ကြီး ပုဒ်မ ၃၉၄ နဲ့ အမှုဖွင့် ဆောင်ရွက်နေပါတယ်။
မင်းရဲစစ်နိုင်