စည်းကမ်းမဲ့ ဝါးခုတ်ယူမှုကြောင့် မျိုးသုဉ်းရန် စိုးရိမ်ရ
ပိုင်စိုး
·
September 20, 2016
လက်ရှိ မြန်မာနိုင်ငံမှာ ဝါးကို စည်းကမ်းမဲ့ ခုတ်နေကြပြီး စိုက်ပျိုးတဲ့လုပ်ငန်းကလည်း မကျယ်ပြန့်သေးတာကြောင့် ဝါးမျိုးသုဉ်းဖို့ စိုးရိမ်ရတဲ့ အခြေအနေ ရှိနေပါတယ်။
ဝါးဟာ အလေ့ကျပေါက်ရောက်ပြီး မြန်မြန်ပွားနိုင်ပေမယ့် ခုတ်ယူပုံမမှန်တာကြောင့် မျိုးသုဉ်းသွားနိုင်တဲ့ အခြေအနေ ရှိတယ်လို့ ပညာရှင်တဦးက ပြောပါတယ်။
“စနစ်တကျ မခုတ်ဘူး ဆိုတာကတော့ ဝါးရဲ့ သဘောသဘာဝအရ ဝါးရင့်တွေက ဝါးရုံရဲ့ အလယ်မှာ ရှိတယ်။ ဝါးနုတွေက အပြင်မှာ ရှိတယ်။ ဝါးနုတွေက မျှစ်ထုတ်ပေးနိုင်တယ်။ ဝါးခုတ်တဲ့သူတွေက ဝါးရင့်ကို လိုချင်တဲ့အတွက် အပြင်က ဝါးနုတွေကို ခုတ်ခဲ့တယ်။ နောက်တနှစ်အတွက် မျှစ်ထုတ်ပေးမယ့် ဝါးနုတွေ မရှိတော့တဲ့အတွက် ဝါးက တဖြည်းဖြည်းနဲ့ သုဉ်းလာတာပေါ့။ ဒီပုံစံအတိုင်းဆိုရင်တော့ စိုးရိမ်စရာ ရှိတာပေါ့” လို့ သစ်တောသုတေသနဌာနက သုတေသနအရာရှိ ဦးအောင်ဇော်မိုးက ပြောပါတယ်။
ကျေးလက်နေ ပြည်သူတွေကတော့ ခုတ်သင့်တဲ့ ဝါးကိုပဲ ခုတ်လေ့ရှိပြီး ခုတ်ခယူ အလုပ်လုပ်တဲ့ ဝါးခုတ်သားတွေက စနစ်တကျ မခုတ်ဘူးလို့လည်း သူက သုံးသပ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က စာရင်းတွေအရ ဝါးပေါက်ရောက်တဲ့ ဧရိယာက စတုရန်း ကီလိုမီတာ ၁၇၀၀၀ ကျော် ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ပဲခူးရိုးမ၊ ရခိုင်ရိုးမနဲ့ တနင်္သာရီဒေသတွေဟာ ဝါးအဓိက ထွက်တာပါ။
“ဝါးတွေကို မျှစ်ထုတ်တာတို့၊ စည်းကမ်းမဲ့ ခုတ်တာတို့ကြောင့် ဝါးအရည်အသွေး ညံ့လာတယ်။ ဝါးတောတွေ ဝေးလာတယ်။ ဝါးတောတွေ ဝေးလာတာကြောင့် ဝါးတလုံး ၁၀၀ ကျတယ်ဆိုရင် သယ်ယူပို့ဆောင်စရိတ်က ၁၀၀၀ လောက်ဖြစ်လာတယ်” လို့ မြန်မာနိုင်ငံ ကြိမ်နဲ့ ဝါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။
သူက ဆက်ပြီး “ဒါမျိုးဆိုရင် ဝါးလုပ်ငန်းက ပျောက်ကွယ်သွားနိုင်တယ်။ ဒီလို စိန်ခေါ်မှုတွေ တွေ့နေရတယ်။ စိုက်ပျိုးရေးကဏ္ဍရော ကုန်ချောထုတ်လုပ်ရေး ကဏ္ဍရော ဈေးကွက်ရော၊ နောက်ပြီး ဝါးကို အဆင့်မြင့် ကုန်ချောထုတ်ဖို့ရော အခက်အခဲတွေ အများကြီးရှိပါတယ်” လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ ဝါးထိန်းသိမ်းရေး လုပ်တဲ့အဖွဲ့တွေ၊ စိုက်ပျိုးချင်သူတွေ တိုးလာနေပေမယ့် အစိုးရရဲ့ ထောက်ပံ့တာကတော့ နည်းနေသေးတာပါ။
“ခုက ဝါးစိုက်မယ်ဆိုရင် တဧကကို အာမခံငွေ ငါးသောင်းစီ သွင်းရမယ်လို့ ကြားနေရတယ်။ ဒါဆိုရင်တော့ မလွယ်ဘူး။ ဝါးစိုက်မယ့် သူတွေအတွက် အစိုးရဘက်က အထောက်အပံ့က မရှိသလောက်ပဲ” လို့ ဝါးစိုက်ဖို့ လေ့လာနေတဲ့ ဦးခင်လှအောင်က ပြောပါတယ်။
ဝါးကို သမားရိုးကျသုံးတာအပြင် တန်ဖိုးမြင့်ထုတ်ကုန်တွေအဖြစ်လည်း ထုတ်လုပ်ဖို့ စိတ်ဝင်တစား ရှိနေကြပါပြီ။ ဒီလိုထုတ်လုပ်မယ်ဆိုရင်တော့ ဝါးကို စိုက်ပျိုးဖို့ လိုအပ်မယ်လို့လည်း ပညာရှင်တွေက ပြောပါတယ်။