ကနီမြို့နယ် ညောင်ပင်ဝန်းကျေးရွာ မြေအက်ကြောင်းဖြစ်ပေါ် နေအိမ်တချို့ ပြောင်းရွှေ့ရမည်
DVB
·
September 6, 2016
စစ်ကိုင်းတိုင်း ကနီမြို့နယ် ညောင်ပင်ဝန်းကျေးရွာမှာ လွန်ခဲ့တဲ့ ရက်ပိုင်းက မြေအက်ကြောင်းတခု ဖြစ်ပေါ်ခဲ့ပြီး မြေပြင်အောက်ကို နိမ့်ဆင်းလာတဲ့အတွက် အဲဒီဧရိယာမှာရှိတဲ့ နေအိမ်နဲ့ နွားတင်းကုပ်တွေ ပြောင်းရွေ့ရမယ့် အနေအထားဖြစ်ပေါ်နေပါတယ်။
အဆိုပါမြေအက်ကြောင်းဟာ သြဂုတ်လ ၂၄ ရက်နေ့ မြန်မာနိုင်ငံတွင်းဖြစ်ပွားခဲ့တဲ့ ငလျင်နောက်ပိုင်း စတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး အက်ကြောင်းက တဖြည်းဖြည်းကြီးလာခဲ့တာလို့ ကနီ အမှတ် ၂ မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။
“ပုဂံငလျင်လှုပ်ပြီးတော့ အက်ကြောင်းလေးတွေထတာပေါ့ဗျာ။ ဒါပေမယ့် အဲဒီညောင်ပင်ဝန်းကျေး ရွာရဲ့ အရှေ့ဖက် မှာ ချင်းတွင်းမြစ်ရှိတယ်။ အနောက်ဖက်က အင်းကြီးရှိတယ်။ အခုတော့ ရေမရှိတဲ့အချိန် တောင်သူတွေလယ်လုပ်တာပေါ့နော်။ မြေကလည်း နှုန်းမြေတွေနဲ့တူပါတယ်။ တဖြည်းဖြည်းနဲ့ ကြီးလာတာပေါ့။ မြေအက်ကြောင်းက ၆ လက်မလောက်ရှိနေတယ်။ အရှည်က ၀ါး သုံးပြန်၊ လေးပြန်လောက် ရွာလယ်ခေါင်လမ်းမကြီးအလိုက် ထက်ခြမ်းကွဲနေတဲ့သဘော ရှိတယ်။ အိမ်တအိမ် နွားတဲက တော်တော်စောင်းနေလို့ ဖျက်ရမယ်။ မီးဖိုဆောင်လည်း ၃ လုံးလောက် ဖျက်ရမှာပေါ့နော်။ တော်တော်လေး နှိပ်သွားတာပေါ့။ ”
မြေငလျင် သုတေသနပညာရှင် ဒေါ်လှလှအောင်ကတော့ ဒီဖြစ်စဉ်နဲ့ မြေငလျင်နဲ့ ဆက်စပ်မှုရှိ မရှိအချက်အလက်ကောက်ခံနေဆဲဖြစ်ပြီး အချက်အလက်တွေရမှ သုံးသပ်နိုင်မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။